“ပုဂ္ဂိုလ်ရေးအရ သံဃာတော်တွေဟာ နိုင်ငံရေးထဲမှာ မပါဝင်စေချင်ဘူး၊ သာသနာကို  သန့်သန့်ရှင်းရှင်းနဲ့ ဗုဒ္ဓရဲ့ ၀ိနည်းအတိုင်း ဗုဒ္ဓရဲ့ စကားကိုနားထောင်ပြီး  နိုင်ငံရေးလုပ်မယ့်အစား တမဂ် တဖိုလ်ပေါက်အောင် လုပ်ပြီးတော့ လူထုကို  ငြိမ်းချမ်းအောင် ငြိမ်းချမ်းရေးတရားတွေဟောနိုင်တဲ့ ကိုယ်တော်တွေဖြစ်စေ  ချင်တယ်” ။ 
ယခုဖော်ပြလိုက်သည့် စာသားမှာ မတ်လ ၂-ရက်နေ့ ည ဘီဘီစီရဲ့ လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီ စဉ်တွင် ဂျပန်နိုင်ငံမှ ဦးညွန့်ရွှေ၏ပါဝင်ဆွေးနွေးချက် စကားကိုကောက်နှုတ် ဖော်ပြလိုက်ရခြင်း ဖြစ်ပါသည်။ယင်းဆွေးနွေးမှု အစီစဉ်တွင် ဦးညွန့်ရွှေ၏ ရဲ့ဆွေးနွေးချက်ကို အပေါ်ယံကြည့်ပါက ရဟန်း သံဃာတော်များ အပေါ်တွင်ထားရှိသည့် ၄င်း၏စေတနာကောင်းကိုတော့ အသိအမှတ်ပြုကြရမည် ဖြစ်သည်။သို့သော် တစ်ခါတရံတွင် စေတနာ ကောင်းကိုအခြေခံထားသော်လည်း လုပ်ဆောင်ချက်နဲ့ လမ်းကြောင်း တစ်ခုကလွဲမှားနေခဲ့ပါလျှင် အောင်မြင်မှုမှ ဝေးသွား နိုင်သလို အချိန်လည်း ကြာမြင့် သွားနိုင်သည်။ ပို၍ဆိုးသည်မှာ မှားယွင်းသည့် လမ်းကြောင်းကို အမှန်ဟု မျိုးဆက် သစ်တို့ အထင်မှတ် သွားတတ်ခြင်းပင်ဖြစ်သည်။
လူအများ၏ဦးနှောက်ထဲတွင်  စွဲမြဲနေသည့် ကိစ္စရပ်တစ်ခုမှာ ဘာသာရေးနဲ့ နိုင်ငံရေးသည် ပြဒါးတစ်လမ်း  သံတစ်လမ်း သဖွယ် တွေးထင်နေကြခြင်းဖြစ်သည်။သို့သော် ဘာသာရေးကို  ၄င်းတို့နိုင်ငံရေးအတွက်ဖြစ်စေ ကိုယ်ကျိုး စီးပွါးတစ်ခုအတွက်ဖြစ်စေ  အသုံးချလိုသည့်အချိန်မှာတော့ မျဉ်းပြိုင်အဖြစ်အသုံးပြုတတ်ကြလေ သည်။  စာရေးသူအနေဖြင့် ဘာသာရေးနဲ့ နိုင်ငံရေးသည် ပြဒါးတစ်လမ်း သံတစ်လမ်းအဖြစ်  မယူဆနိုင်သလို မျဉ်းပြိုင်တစ်ခု အဖြစ်လည်း မယူဆနိုင်ပေ။ နိုင်ငံတစ်ခု  လူအဖွဲ့အစည်း တစ်ခု၏ တည်ငြိမ် အေးချမ်းရေးအတွက် အာဏာစက်သည်လိုအပ်သလို  ဓမ္မစက်မှာလည်း မရှိမဖြစ်လိုအပ် လှပေသည်။ ဓမ္မစက်လွှမ်းမိုးမှုမရှိသည့်  မည်သည့်အာဏာစက်မဆို စစ်မှန်သည့် ငြိမ်းချမ်းမှုရလာဒ်မျိုးကို  ပေးနိုင်မည်မဟုတ်ပေ။ ဘာသာရေး၏ အထိမ်းအကွပ် ဘာသာရေး၏အဆုံးအမ  လမ်းညွှန်မှုများသည် ဓမ္မစက်လွှမ်းမိုးရေးဖက်ကို ဦးတည်နေသည်ဆိုသည်မှာ  ငြင်းပယ်၍ မရနိုင်ပေ။ ဗုဒ္ဓဘာသာ၏  လမ်းညွှန်ချက်များကို လက်တွေ့ကျကျ လေ့လာကြည့်ပါက နိုင်ငံရေး စီးပွါးရေး  လူမှုရေးစသည့် အရေးကိစ္စပေါင်းများစွာ ပါဝင်နေသည်ကို တွေ့ရှိရပေလိမ့်မည်။ အကယ်၍  ဗုဒ္ဓဘာသာနှင့် ယင်းအရေး ကိစ္စများ မသက်ဆိုင်ခဲ့ပါက  အကျိုးမရှိသည်ကိုပြောဆိုတော်မမူသည့် မြတ်စွာဘုရား အနေဖြင့် မူလကတည်းက  ဟောကြားတော်မူခဲ့လိမ့်မည်မဟုတ်ပေ။ ဒီပင်္ကရာမြတ်စွာဘုရား လက်ထက်တော် ကပင်  နိဗ္ဗာန်ချမ်းသာကို ၀င်စံတော်မူနိုင်သော်ငြားလည်း ငါသိသလို သတ္တ၀ါအများကို  သိရှိစေရမည်၊ ငါ ဆင်းရဲ ဒုက္ခအပေါင်းမှ လွတ်မြောက်သလို သတ္တ၀ါအများလည်း  လွတ်မြောက်စေရမည်၊ ငါ သံသရာဝဋ်ဆင်းရဲ အပေါင်းမှ ကူးမြောက်သလို  သတ္တ၀ါအပေါင်းကိုလည်း ကူးမြောက်စေရမည်ဟူသည့် သတ္တ၀ါတို့အပေါ်  မဟာကရုဏာကြီးမားစွာဖြင့် ပါရမီတော်ကြီးများကို ကမ္ဘာပေါင်းများစွာ  ပင်ပန်းဆင်းရဲစွာဖြင့် ဖြည့်ကျင့် တော်မူခဲ့သည်။ ယင်းကဲ့သို့ ဘုရားမဖြစ်မှီ  ဘုရားအလောင်းတော်၏ ရည်ရွယ်ချက် တစ်ခုတည်းကပင် ဗုဒ္ဓဘာသာ၏ အဓိက ဦးတည်ချက်က  ဘာလဲဆိုသည်မှာ ထင်ရှားနေသည်။
သိဒ္ဓတ္ထမင်းသားတစ်ဖြစ်လည်း  ဂေါတမဘုရားအလောင်းတော်ကြီးသည် မဟာသက္ကရဇ် ၁၀၃-ခုနှစ် ကဆုန် လပြည့်နေ့ည၏  နောက်ဆုံးယံတွင် သဗ္ဗညုတဉာဏ်တော်ကြီးကို ရရှိတော်မူပြီး လောကသုံးပါး၌  အတုမရှိ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပြီးနောက် ပထမ၀ါ၌ပင်  နောက်လိုက်  တပည့်သံဃာအပါး ၆၀-ရရှိတော် မူခဲ့သည်။ ၄င်းသံဃာတော်အပါး ၆၀ ကို  မိန့်တော်မူခဲ့သည့် မြတ်စွာဘုရား၏ စကားတော်မှာ ရဟန်း သံဃာတော်များနဲ့  ဗုဒ္ဓဘာသာဝင်များအတွက် အထူးသဖြင့် ထိုထိုအရေးကိစ္စများတွင် ဗုဒ္ဓ၀ါဒ၏  ပါဝင်ပတ်သက်မှုများကို နားလည်မှု လွဲမှားနေကြသူများအတွက် မှတ်သားဖွယ်ရာ  ကောင်းလှ ပေသည်။ သံဃာတော်အပါး ၆၀-ကို မြတ်စွာဘုရားရှင် မိန့်ကြားတော်မူခဲ့သည်မှာ “ရဟန်းတို့ ‘ လူအများရဲ့ အစီးအပွါး အလို့ငှါ လူအများရဲ့ ချမ်းသာ သုခအလို့ငှါ ခရီးထွက်ကြ စသည်တို့ပင်ဖြစ်သည်။ ယင်းစကားရပ်သည် မြောက်များလှစွာသော ဘုရားရှင်၏ စကားတော်များထဲမှ အစိတ်အပိုင်း လေးတစ်ခုမျှသာဖြစ်သည်။
ဦးညွန့်ရွှေ  ပြောသွားခဲ့သည့် “သာသနာကို သန့်သန့်ရှင်းရှင်းနဲ့ ဗုဒ္ဓရဲ့ ၀ိနည်းအတိုင်း  ဗုဒ္ဓရဲ့ စကားကို နားထောင်ပြီး” ဆိုသည့်စကားတွင်  ဗုဒ္ဓ၏ စကားတော်များက  ဘာတွေနည်းဆိုသည်ကို ၄င်းအနေဖြင့် လေ့လာရန်ပျက်ကွက်နေပုံရသည်။
  
အပြစ်သင့်ခြင်းဆိုရာဝယ် မလုပ်အပ် မလုပ်သင့်သည်ကို ပြုလုပ်မိ လွန်ကျူးမိခြင်းကြောင့် အပြစ်သင့် ရောက်ရသကဲ့သို့ လုပ်သင့် လုပ်ထိုက်သည်ကို မလုပ်ခြင်းမှာလည်း အပြစ်တစ်ခုပင် ဖြစ်လေသည်။
 
  
အပြစ်သင့်ခြင်းဆိုရာဝယ် မလုပ်အပ် မလုပ်သင့်သည်ကို ပြုလုပ်မိ လွန်ကျူးမိခြင်းကြောင့် အပြစ်သင့် ရောက်ရသကဲ့သို့ လုပ်သင့် လုပ်ထိုက်သည်ကို မလုပ်ခြင်းမှာလည်း အပြစ်တစ်ခုပင် ဖြစ်လေသည်။
 
  ဗုဒ္ဓဘာသာ၏  မှတ်တမ်းဖြစ်သည့် ပိဋကတ်သုံးပုံကို ပြန်လေ့လာကြည့်ပါက မြတ်ဗုဒ္ဓသည် တစ်မဂ်  တစ်ဖိုလ် ကိစ္စလောက်ကိုသာဟောတော်မူခဲ့တာမဟုတ်ပေ၊ ဦးညွန့်ရွှေ  ပြောသွားခဲ့သည့် စကားထဲတွင် “ရဟန်းသံဃာ တော်တွေ နိုင်ငံရေးလုပ်မယ့်အစား  တစ်မဂ် တစ်ဖိုလ်ပေါက်အောင်လုပ်ဖို့” ဆိုပြီး တိုက်တွန်း သွားခဲ့သည် ကိုလည်း  ကြားလိုက်ရသည်။ ဤနေရာတွင် နိုင်ငံရေးဆိုသည်ကို ကျယ်ကျယ်ပြန့်ပြန့် နားလည်  အောင် လေ့လာဖို့လိုအပ်လှပေသည်၊ လူအပါအ၀င်  သက်ရှိသတ္တ၀ါပေါင်းများစွာရှိနေသည့် နိုင်ငံနှင့် လူမျိုးအကျိုးအတွက်  မိမိတို့စွမ်းနိုင်သည့်ဖက်မှ လုပ်ဆောင် နေကြခြင်းသည်လည်း နိုင်ငံရေးပင်  မဟုတ်ပါလား။ တမဂ် တဖိုလ်-ဆိုသည့် ကိစ္စထဲတွင်အစာအာဟာရ  စားသောက်မှီဝဲသုံးဆောင် မှုစသည်များမပါဝင်ပေ။ ယင်းစား သောက်မှု စသည့်  ကိစ္စများရပ်များသည် လောကီကိစ္စမျှသာဖြစ်ပေ သည်။ လောကီ  လောကုတ်ကိစ္စများကိုခွဲပြီး ရဟန်းသံဃာတော်များအနေဖြင့် လောကုတ္တရာကိစ္စ  များနဲ့သာ သက်ဆိုင်သည် လောကီကိစ္စများနှင့် မသက်ဆိုင်ရဟု  ကန့်သတ်လိုက်ပါလျှင် အစာအာဟာရ စားသောက် မှုများပင် ရှောင်ကျင်ရပေတော့မည်။  လောကမှ လွတ်မြောက်ခြင်းသည်ပင် လောကုတ္တရာ ဖြစ်ခြင်းကြောင့် လောကမှ  မလွတ်မြောက်သေးမှီ လောကအလုပ် လောကီအလုပ်များကို လုပ်နေရခြင်းမှာ အထူးအဆန်း  မဟုတ်သလို လောကီကိစ္စရပ်တိုင်း မှာလည်း အပြစ်ရှိသည်ဟု သတ်မှတ်၍ မရနိုင်ပေ။  မိမိလုပ်ဆောင်သည့် လုပ်ရပ် အပြစ်ကင်းစင်ဖို့သာ လိုအပ်ပါသည်။  ဘုရားဟောတော်မူထားသည့် ပိဋကသုံးပုံကို အနှစ်ချုပ်လိုက်လျှင် မကောင်းမှုကို  ရှောင်၊ ကောင်းမှုကို ဆောင်ပြီး၊ မိမိစိတ်ကို ဖြူစင်အောင်ထားရေး ဆိုသည့်  အချက်သုံးချက်ကိုတွေ့ရပေလိမ့်မည်။ ထို့ကြောင့် မိမိ နိုင်ငံနှင့်  မိမိတို့လူမျိုး ကောင်းကျိုးတို့ အတွက် လုပ်ဆောင် ပြောဆိုနေခြင်းမှာ  အပြစ်တစ်ခုလားဟုပင် ပြန်လည်ပြီး မေးခွန်း ထုတ်ရပေလိမ့်မည်။
“တမဂ်  တဖိုလ်ပေါက်အောင် လုပ်ပြီးတော့ လူထုကို ငြိမ်းချမ်းအောင်  ငြိမ်းချမ်းရေးတရားတွေဟောဖို့” ဆိုပြီးလည်း ယင်းအစီစဉ်တွင် ဦးညွှန့်ရွှေမှ  တိုက်တွန်းသွားခဲ့သည်။ လူထုကို  ငြိမ်းချမ်းအောင် ငြိမ်းချမ်းရေး တရားတွေဟောဖို့ ဆိုသည့်ကိစ္စတွင် တမဂ်  တဖိုလ်ပေါက်အောင် လုပ်ပြီးမှ တနည်းအားဖြင့် မဂ်ဖိုလ်၇ပြီးမှ  ဟောပြောလို့ရပါသလား ဟုမေးလိုက်ချင်သည်၊ တစ်ချိန်တည်းမှာပင်  မြန်မာနိုင်ငံတွင်းမှ သံဃာတော် တွေက ရော ငြိမ်းချမ်းရေးတရားတွေကို  လွတ်လွတ်လပ်လပ် ဟောပြောခွင့်ရကြပါရဲ့လား ဆိုသည်ကိုလည်း စဉ်းစားစေ ချင်သည်။ ရဟန်းသံဃာ  တနည်းအားဖြင့် သံဃာ့အဖွဲ့အစည်းကြီးကို မိမိဟောဖော် ညွှန်ပြတော်မူခဲ့သည့်  တရားတော်များကို ထိန်းသိမ်းစောင့်ရေး ကျယ်ကျယ်ပြန့်ပြန့် ဟောပြောပို့ချရေး  တို့အတွက် မြတ်စွာဘုရားရှင်မှ တည်ထောင်ထားတော်မူခဲ့ခြင်းဖြစ်သည်။ထိုကြောင့်  ဘုရားရှင် ဟောတော် မူခဲ့သည့်တရားတော်များက ဘာတွေဖြစ်သည်  မည်မျှကျယ်ဝန်းသည်ဆိုသည်တို့ကို လေ့လာသင့် ကြပေသည်။ဘာသာအယူဝါဒတစ်ခုနဲ့  ဆက်စပ်ပြီး ဆွေးနွေး ဝေဖန်ပြောဆိုကြရာတွင် မိမိပြောဆို ဆွေးနွေးမည့်  ယင်းအကြောင်းအရာကိစ္စနဲ့ ဆက်စပ်နေသည်များကို ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာမှုမရှိပဲ  မိမိကိုယ်ပိုင်အသိအမြင် အတွေးအခေါ်မျှဖြင့် ပြောဆိုဆွေးနွေးပါက  အဂတိတရားများ၏ လွှမ်းမိုးမှု အောက်တွင်သာ အဆုံးသတ်သွားနိုင်ပြီး နောင်လာ  နောက်သားတို့အတွက်မှာလည်း အမှားကိုပင် အမှန်ဟု အထင်ရောက်သွားနိုင်သည်။ 
အတွေးမှား အယူမှား မျိုးစေ့များကို အနာဂတ်မျိုးဆက်သစ်တို့၏ နှလုံးသားဥယျာဉ်ဝယ် မစိုက်ပျိုး မိကြစေ ဖို့  တိုက်တွန်းလိုက်ရပါသည်။
အရှင်ဥက္ကဋ္ဌ -သီရိလင်္ကာ
သာသနာနှင့် နိုင်ငံအတွက် အားထုတ်ရေးသားပြီး၊ လူငယ်တွေ လူကြီးတွေကို အမှတ်မမှားရအောင် 
အတုယူမမှားရအောင်  - စစ်အာဏာရှင်များကိုယ်တိုင်က ပြည်သူတွေနှင့် ဗဟုသုတနည်းကြတဲ့  ရဟန်းအချို့ကို ဘုန်းကြီးနိုင်ငံရေးမလုပ်ရဆိုတဲ့ အတွေးနှင့် အဆိပ်ပင်ကို  ရိုက်ချိုပေးသော
စာရေးသူ အရှင်ဥက္ကဋ္ဌ အား ပူဇော်ဦးခိုက်လျှက် မေမေ့သား ရှင်ဝါနှင့်စာရေးသူအားကျေးဇူးတင်ပါသည်... စက်တင်ဘာထာဝရ
 









 Atom Feed (xml)
 Atom Feed (xml)

 
 




No comments:
Post a Comment