Showing posts with label တရားတော်များ. Show all posts
Showing posts with label တရားတော်များ. Show all posts
Wednesday, November 9, 2011
တန်ဆောင်မုန်း လပြည့်နေ့(သာမညဖလအခါတော်နေ့)
Tuesday, November 8, 2011
ကထိန်သင်္ကန်း သမိုင်းကြောင်း
မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေထိုင်တော်မူ စဉ်ပါဝေယျကတိုင်းသားရဟန်း(၃၀)တို့သည်အရညကင်ဓုတင်ပိဏ္ဍပါတ်ဓုတင်ပံသုကူဓုတင်တို့ကိုဆောင်ကြလေသည်။ ထိုရဟန်းတို့သည် မြတ်ဗုဒ္ဓကို ဖူးမြင်ရန် သာဝတ္ထိပြည်သို့ ကြွလာကုန်၏။ သို့သော် ၀ါဆိုရက်ကို မမှီလိုက်ကြသည့်အတွက် သူတို့သည် ခရီအကြားဖြစ်သော သာကေတမြို့၌ ၀ါကပ်ကြရလေကုန်၏။ ထိုရဟန်းတို့သည် ”ငါတို့၏ အနီးဖြစ်သော ဤသာကေတမြို့မှ ခြောက်ယူဇနာအရပ်၌ မြတ်စွာဘုရားသည် သီတင်းသုံးနေတော်မူ၏။
ငါတို့သည် မြတ်စွာဘုရားကို ဖူးမြော်ခွင့်မရကုန်”ဟု မပျော်ပိုက်ပဲ ၀ါဆိုကြရကုန်၏။ထိုရဟန်းတို့သည် သုံးလလွန်၍ ၀ါကျွတ်ပ၀ါရဏာပြုပြီးနောက် မြတ်ဗုဒ္ဓကို ဖူးမြင်ရန် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းသို့ ကြွတော်မူခဲ့ကြသည်။ လမ်းခရီးတွင်း မိုးကြီးသည်းထန်စွာရွာသွန်းသည့်အတွက်အကြောင့် သူတို့၏ သင်္ကန်းများသည် မိုးရေစိုစွတ်ကုန်ကြသည်။ သင်္ကန်းအပိုမပါရှိသည့်အတွက် သင်္ကန်းအစိုများဖြင့်သာ ကြွလာခဲ့ရလေသည်။ ထိုမျှမက သူတို့သည် ရွံ့နွံများထဲမှ ရုံးကန်၍ ဆင်းရဲကြီးစွာဖြင့် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းသို့ ရောက်လာကြရလေကုန်သည်။ ထိုအခါ မြတ်စွာဘုရားသည်
”ရဟန်းတို့ ခန့်ကျန်းသာလို့မာပါစ၊ မျှတကြပါရဲ့လား၊ အချင်းချင်း ငြင်းခုံမှု မဖြစ်သည်၍ ချမ်းသာစွာ ၀ါဆိုခဲ့ကြပါကုန်၏လော့၊ ဆွမ်းကွမ်းကော ပြည့်စုံကြပါရဲ့လား၊”ဟူ၍ မေးတော်မူသောအခါ ရဟန်းများသည်
”တပည့်တော်တို့တတွေ ကျန်းမာကြပါတယ် ဘုရား၊ မျှတကြပါတယ်ဘုရား၊ အချင်းချင်းညီညွတ်စွာ နေခဲ့ကြပါတယ်ဘုရား၊ ဆွမ်းကွမ်းလည်း ပြည့်စုံပါတယ်ဘုရား၊ တပည့်တော်တို့တတွေ မြတ်စွာဘုရားကို ဖူးမြော်ရန် သာဝတ္ထိပြည်သို့ လာကြတဲ့အခါဝါဆိုရက်မမှီတဲ့အတွက် ခရီးအကြား သာကေတမြို့၌ ၀ါကပ်ခဲ့ကြရပါတယ်ဘုရား၊၀ါကပ်ပြီးလို့ ပ၀ါရဏာပြုပြီးလို့ မြတ်စွာဘုရားကို ဖူးမြင်ရန် သာဝတ္ထိပြည် လာကြတဲ့အခါ လမ်းခရီးတွင် မိုးကြီးသည်းထန်စွာ ရွာတဲ့အတွက် လမ်းခရီးတစ်လျှောက် မိုးစိုသော သင်္ကန်းများဖြင့် လာခဲ့ကြရပါသည်ဘုရား၊
ထို့ပြင်ဘုရားတပည့်တော်တို့သည်ပင်ပန်းဆင်းရဲစွာမိုးထဲလေထဲရွံ့နွံဗွက်တို့ကိုဖြတ်ကျော်ပြီးလာခဲ့ရပါသည်
ဘုရား”ဟုလျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားသည် ထိုပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်တို့ကို အကြောင်းပြုကာ ကထိန်လျှာသင်္ကန်းကို ခွင့်ပြုတော်မူပါသည်။
ကထိန်ဆိုသည်
ဗုဒ္ဓါဒီဟိ ကထီယတေ သိလာဃတေ ပသံသီယတေတိ ကထိနံ-ဘုရားအစရှိသော သူတော်ကောင်းတွေက ကထိနစီဝရဒါနကို ကောင်းပေစွကောင်းပေစွမြတ်ပေစွဟုချီးမွမ်းအပ်တဲ့အတွက်ကြောင့်ကထိန်လို့ခေါ်သည်။
ချီးမွမ်းခြင်းအကြောင်းသုံးချက်
(၁) သံဃိကဒါနဖြစ်သောကြောင့်လည်းကောင်း
(၂ )အထူးသဃိကဒါနဖြစ်သောကြောင့်လည်းကောင်း
(၃)သံဃာတော်အရှင်မြတ်တို့၏ အာပတ်ကို သုတ်သင်နိုင်သော ဒါနဖြစ်သောကြောင့်လည်းကောင်းဘုရား အစရှိသော အရိယာသူတော်ကောင်းတွေက အထူးအားဖြင့် ချီးမွမ်းတော်မူပါတယ်။
(၁) သံဃိကဒါနဖြစ်သောကြောင့်
ကထိန်ကမ္မ၀ါစာဖတ်ကြတဲ့အခါ “ဣဒံ သဃဿ ကထိနစီဝရံ ဥပ္ပန္နံ”လို့ ကမ္မ၀ါစာမှာ ပါပါတယ်။ အဲဒီထဲမှာ ”သံဃဿ ဥပ္ပန္နံ”ဟူသည် သံဃာတော်အရှင်သူမြတ်များရဲ့ အထံမှာဖြစ်ပေါ်တယ်လို့ဆိုပါတယ်။
ဒီစကားကိုထောက်သောအားဖြင့် ကထိနဒါနကို သံဃိကဒါနလို့ဆိုနိုင်ပါတယ်။ သံဃိကသင်္ကန်းနဲ့သာကထိန် ခင်းလို့ရပါတယ်၊ဒီလိုသံဃိကဒါနဖြစ်သောကြောင့်ကထိနစီဝရဒါနကိုဘုရားအစရှိတဲ့သူတော်ကောင်းတွေက ချီးမွမ်းကြတာပါ။ပုဂ္ဂလိကဒါနထက်မြတ်နေလို့ ဒီကထိနစီဝရသံဃိကဒါနကို အထူးဝိသေသပြု ချီးမွမ်းခြင်း ဖြစ်ပါတယ်။
တစ်နှစ်မှ တစ်လ၊ တစ်လမှ တစ်ရက်၊ တစ်ရက်မှာလဲ တစ်ကျောင်းတည်း လှူလို့ရတယ်တစ်ကျောင်းမှာ တစ်ရက်ပဲလှူလို့ရတယ်။ တခြားဒါနထက် ထူးခြားနေတယ်။အမြဲလှူလို့မရ အချိန်ကာလအားဖြင့်သာ လှူဒါန်းရသော ဒါနဖြစ်သောကြောင့် ဘုရားစသော သူတော်ကောင်းများက ချီးမွတ်တော်မူကြပါတယ်။
(၂)အထူးသံဃိကဒါနဖြစ်သောကြောင့်
ကထိနစီဝရဒါနကို ပထမ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့မှစ၍ သီတင်းကျွတ်လပြည့်ကျော် တစ်ရက် မဟာ ပ၀ါရဏာနေ့၌ ပုရိမ၀ါကျွတ်လို့ ၀ါမကျိုးမပြတ်တဲ့ သံဃာတော်တွေသာ ဒီကထိန်သင်္ကန်းကို အလှူခံ ခွင့်ရှိ တယ်။
အနုဇာနာမိ ဘိက္ခဝေ ၀ဿံဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ”
ဆိုလိုသည်မှာ ၀ါဆိုသံဃာတွေကိုသာ ကထိန်ခင်းခွင့်ပြုထားတယ်။ ကထိန်သင်္ကန်းလှူသူတွေကလဲ ဒီက ထိန်ခင်းခွင့်ရှိတဲ့ ရဟန်းတော်တွေကိုသာ ကထိန်ခင်းခွင့်ပြုထားတယ်။ ဒါကြောင့် ဒီကထိနဒါနကို ထူးခြား တဲ့ဒါနလို့ပြောတာ။ဒီလို ထူးခြားတဲ့ သံဃိကဒါနဖြစ်လို့ ဘုရားအစရှိသော သူတော်ကောင်းတို့က ချီးမွမ်း ကြတာဖြစ်ပါတယ်။
(၃) သံဃာတော်အရှင်သူမြတ်တို့၏အာပတ်ကိုသုတ်သင်သောဒါနရဟန်းတော်များမှာမြတ်ဗုဒ္ဓပညတ်ထားတဲ့ သိက္ခာပုဒ် အကျဉ်းအားဖြင့် ၂၂ရ သွယ်၊ အကျယ်အားဖြင့် ကုဋေကိုးထောင်ကျော်ရှိနေပါတယ်။ ဒီသိက္ခာပုဒ်တွေကို ကြူးလွန်ရင်အာပတ်သင့်တယ်။ သို့သော် ကထိန်သင်္ကန်းကို အလှူခံကြတဲ့ သံဃာ တော်များဟာ မြတ်ဗုဒ္ဓက ချမှတ်ထားသော သိက္ခာပုဒ်ငါးမျိုးမှ လွတ်ငြိမ်းခွင့်ရရှိနိုင်ပါတယ်။ထိုလွတ်ငြိမ်းချမ်း သာခွင့် ငါးပါးဟူသည်ကား
(က) ရဟန်းသည် မပန်းကြားပဲ ဒါယကာအိမ်သို့ သွားနိုင်ခြင်း
(ခ) တိစီဝရိတ်အဓိဋ္ဌာန်တင်သော သင်္ကန်းကို မယူပဲ သွားနိုင်ခြင်း
(ဂ) ဂဏဘောဇဉ်ကို စားနိုင်ခြင်း
(ဃ)အလိုရှိသော အဓိဋ္ဌာန် ၀ိကပ္ပမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း
(င) ထိုကထိန်ခင်းသော ကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အားသာ ဖြစ်ရခြင်း တို့ပင်ဖြစ်သည်။ကထိန်အာနိသင်ရသောကာလသည်ကားသီတင်းကျွတ်လပြည့်တစ်ရက်နေ့မှတပေါင်းလပြည့်အထိ ငါးလတိုင်တိုင်ဖြစ်ပေသည်။ထို့ကြောင့် ကထိန်ကို ဘုရားအစရှိသော သူတော်ကောင်းများက ကောင်းပေစွ ကောင်းပေစွဟု ချီးမွမ်းတော်မူကြပါပေကုန်သည်။ထိုသို့သော အကြောင်းများကို ထောက်ဆကာ ရှေးဆရာ တော်ကြီးများက”ဘုရားမှာတော့စိန်၊ကျောင်းမှာတော့သိမ်၊ သင်္ကန်းမှာတော့ကထိန်”ဆိုပြီး ဆိုရိုးစကား ပြုထားကြသည်။
ကထိန်သင်္ကန်းအလှူရှင်များ ရရှိသော အကျိုးငါးပါး
(၁) မိမိတို့ အလိုရှိအပ်သော အရပ်များသို့ အတားအဆီး အချုပ်အချယ်မရှိဘဲ သွားနိုင်ခြင်း၊
(၂) ကိုယ်ပိုင်ပစ္စည်းများကို ထားလိုရာ ထားနိုင်ခြင်း၊
(၃) အမျိုးမျိုးသော အ၀တ်အစား အစာအသောက်များနှင့် ပြည့်စုံခြင်း၊
(၄) အစာအသောက်နှင့်ပတ်သက်၍ ဘယ်သောအခါမှ ဘေးမဖြစ်ခြင်း၊
(၅) စည်းစိမ်ဥစ္စာပေါများခြင်းတို့ပင်ဖြစ်သည်။
ကထိန်ခင်းခြင်းအဓိပ္ပာယ်
ကထိန်သင်္ကန်းလှူရှင်များသည် “သံဃဿ ဒေမ”ဟုဆိုကာလှူဒါန်းလိုက်သောသင်္ကန်းကိုသံဃာတော်များက သိမ်ထဲမှာရှိတဲ့ကထိန်သင်္ကန်းအလှူခံမည့်ကျောင်းမှာရှိသောရဟန်းတော်တစ်ပါးကိုသံဃာအများသဘောတူ
မှုနဲ့ ရွေးချယ်ပြီး ထိုကထိန်လျာသင်္ကန်းကို ကမ္မ၀ါစာနှင့် ရွတ်ဖတ်ကာ ပေးကြရပါသည်။ ထိုကထိန်သင်္ကန်းကို ရရှိသော ရဟန်းသည် မိမိကျောင်းတိုက်ကို ပြန်ပြီး ကထိန်ခင်းရပါသည်။ ကထိန်ခင်းဟူသည် စွန့်သင့်သော သင်္ကန်းကို စွန့်၊အဓိဋ္ဌာန်တင်သင့်သော သင်္ကန်းကို အဓိဋ္ဌာန်တင်ကာ လက်ရှိရရှိလာသော သင်္ကန်းကို ၀ိနည်းကြောင်းအရ လိုက်နာပြုကျင့်သည်ကို ဆိုလိုပါသည်။
ကထိန်သင်္ကန်းကို ခွင့်ပြုတော်မူရခြင်း၏ ရည်ရွယ်ချက်
ရဟန်တော်များဟာ လိုက်နာရန်အလို့ငှာ မြတ်ဗုဒ္ဓက ချမှတ်ထားသော ၀ိနည်းစည်းကမ်းငါးမျိုးကို အချိန်ကာ လအတိုင်းအတာတစ်ခုအတွင်း မလိုက်နာဘဲ ကင်းလွတ်ခွင့်ရအောင် ဆောင်ရွက်နိုင်ရန်အတွက် ကထိန် ခင် ခြင်းဖြစ်သည်။
ညှပ်မကြီး
ညပ်မကြီးဟူသည် တန်ဖိုးရှိသော ပစ္စည်းများကို စီးထားသောအ ပဒေသာပင်အကြီးစားကြီးကို ဆိုလိုသည်မဟုတ်။ကထိန်နှင့်ပတ်သက်သော စကားလုံးသည်ကား ဥတ်ဖြစ်သည်။ ဥတ္တိဆိုသော စကားလုံးမှဆင်းသက်လာသည်။”ဥတ္တိဒုတိယကမ္မ၀ါစာ”ရွတ်ဆိုပြီးကထိန်ခင်းထိုက်သောရဟန်းကိုကထိန်
သင်္ကန်းပေးရသည်။ထို့ကြောင့် ထိုကထိန်သင်္ကန်းကို ”ဥတ်”သင်္ကန်းဟူ၍ဆိုပါသည်။ဥတ်သင်္ကန်းဟူ
သည် ရဟန်းများအသုံးပြုတော်မူနေသော အပေါ်ရုံသင်္ကန်း၊ အောက်ပိုင်းသင်္ကန်းနှင့် နှစ်ထပ်သင်္ကန်း
ထိုသုံးထည်တွင် တထည်ထည်ကို ဆိုလိုပါသည်။
မျက်မှောက်ခေတ်ကထိန်
ယနေ့ မြန်မာပြည်တွင် မျက်မှောက်ခေတ်ကထိန်များကို ကြည့်လျှင် ရှုမြင်ရသူတို့၏ စိတ်ဝယ် အလွန်အင်မတန်မှကြည်နူးစရာကောင်းလှပေသည်။သီတင်းကျွတ်လပြည့်ကျော်တစ်ရက်မှတန်ဆောင်မုန်းလပြည့်အထိ ကထိန်ပွဲကျင်ပရာ တစ်လတာကာလအဖြစ်သတ်မှတ်ကြကာ မြန်မာတစ်နိုင်ငံလုံး အနယ်နယ် အရပ်ရပ်မှာ ကထိန်ပွဲများကို စည်းကား သိုက်မြိုက်စွာ ကျင်းပကြသည်။ ရပ်ကွက်အလိုက်၊ အသင်းအလိုက်၊ ဌာနအလိုက်စသည်ဖြင့် မြို့ရော တောမပါမကျန် ကထိန်ပွဲကို စည်းကားသိုက်မြိုက်စွာကျင်းပနေကြသည်။
တန်ဖိုးရှိသော ပဒေသာပင်အကြီးစားကြီးများကို စီးကာ အတီးအမှုတ် အကအခုံများဖြင့် လှည့်လည်အပူဇော်ခံကြသည်။ရည်ရွယ်ချက်သည်ကားကြည့်ရှုသူဗုဒ္ဓဘာသာဝင်တို့သဒ္ဓါတရားတိုးပွားနိုင်စေရန်အလို့ငှာဖြစ်သည်။ ထိုပဒေသာပင်များ၏ ကြီးကျယ်ခမ်းနားမှုကို ကြည့်သောအားဖြင့် မြန်မာလူမျိုးများ၏ သဒ္ဓါတရားကောင်းမှုသည်ကား အထူးပြောဖွယ်မလိုတော့ပေ။
သို့သော် စိတ်မကောင်းစရာတစ်ခုသည်ကား အချို့သော အလှူရှင်အချို့သည်ကား ကထိန်၏ အဓိပ္ပာယ်ကိုကား တိတိကျကျ မသိတော့ချေ။ ပဒေသာပင်ကြီးတွေစီး၊ ဆိုင်းတွေ ဗုံတွေနှင့် လှည့်လည်ပြီး နောက်ဆုံး ဘုန်းကြီးကျောင်းကို ထိုပဒေသာပင်ကြီးတွေပို့လိုက်သည်ကိုပင် ကထိန်ဟုထင်မှတ်နေကြသည်။ ဆရာတော်များဟောကြားတော်မူသော တရားတော်များကိုပင် မနာယူနိုင်တော့ပေ။အဘယ်ကြောင့်ဆိုသော် တစ်နေကုန် မမောနိုင် မပန်းနိုင် တီးမှုတ်ကခုန်မှုခဲ့ကြသောကြောင့်ပေတည်း။ အကာဖြစ်သော တီးမှုတ်ကခုံမှုတွေနှင့် အဆုံးသတ်ပြီး၊ အနှစ်ဖြစ်သော ဆရာတော်များဟောသော ကထိန်အကြောင်းသိကောင်းစရာ တရားများကိုကား မနာယူနိုင်တော့ပေ။
ထိုကြောင့်ငွေကုန်လူပန်းဖြစ်နေလေ၏။ဤသည်ပင်လျှင်အထူးသတိပြုစရာအချက်ဖြစ်ပေသည်။မိမိတို့ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဤကဲ့သို့ မဖြစ်မူ၍ တစ်နှစ်မှ တစ်ခါ ကြုံခဲလှသော ဤကထိန်ပွဲရာသီအတွင်း အကာမပါမူ၍ အနှစ်သက်သက်ဖြစ်သော အလုပ်ကို လုပ်နိုင်ကြပါစေဟု တိုက်တွန်းရင်း မိမိ၏ ဆောင်းပါးကို နိဂုပ်ချုပ်လိုက်ရပေသည်။
Saturday, November 5, 2011
ခေါင်းဆောင်တို့၏ကျင့်စဉ် (သို့မဟုတ်) လူမြတ်တို့၏ကျင့်စဉ်
၁၃၇၃ ခု ကဆုန်လပြည့်၊ (၂၀၁၁ ခု မေ ၁၆ ရက်) နယူးယောက်မြို့ အမေရိကန်ပြည်ထောင်စု ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသော ဗုဒ္ဓနေ့အခမ်းအနားတွင် သီတဂူဆရာတော် မိန့်ကြားသော မြတ်ဗုဒ္ဓ၏ ထူးသောသတင်းစကားဆယ်ပါး
“ခေါင်းဆောင်တို့၏ကျင့်စဉ် (သို့မဟုတ်) လူမြတ်တို့၏ကျင့်စဉ်။”
၁။ ဒါနပါရမီ = Perfection of Generosity မိမိရရှိပိုင်ဆိုင်ထားသော ပစ္စည်း၊ ဥစ္စာ၊ ရာထူး၊ အာဏာ၊ ဂုဏ်သတင်း၊ ကျော်ကြားခြင်းတို့ကို ပေးဝေခြင်း၊ လှူဒါန်းခြင်း၊ စွန့်လွှတ်ခြင်း၊ ဝေငှမျှတခြင်းတို့ဟာ Perfect ဖြစ်လိုတဲ့ ခေါင်းဆောင်တို့အတွက် မွန်မြတ်တဲ့ကျင့်စဉ် တစ်ခုပါပဲ။ ယနေ့ကမ္ဘာလောကမှာ ဖြစ်နေတဲ့ တင်းမာမှုတွေ၊ လုယက်တိုက်ခိုက်မှုတွေနဲ့ မကျေနပ်မှုပေါင်းများစွာတို့ဟာ သိမ်းပိုက်မှု အလွန့်အလွန်ပိုင်ဆိုင်လိုမှု၊ မဝေငှ မမျှတလိုမှုတွေရဲ့ အကြောင်းတစ်ရပ် အဖြစ် သက်ဆိုင်နေပါတယ်။ ဒါန နှင့် စာဂ၏ အလှအပလေးများကို ကျွန်ုပ်တို့အသေအချာ သင်ကြား လေ့ကျင့်ဖို့ လိုပါတယ်။ ကမ္ဘာမှာရှိတဲ့ သန်းပေါင်းများစွာသော လူတွေရဲ့ အနေဆင်းရဲ၊ အစားဆင်းရဲ၊ ကျန်းမာရေးနှင့် ပညာရေးဆင်းရဲမှု အောက်မှာ ခံစားနေရတဲ့ ဒုက္ခတွေကို ကျွန်ုပ်တို့ သနားဖို့ကောင်းပါတယ်။ ပေးနိုင်၊ ဝေငှနိုင်ရင် အရာရာပြီးမြောက် ခရီးရောက်ပါတယ်။
၂။ သီလပါရမီ = Perfection of Virtue ကျွန်ုပ်တို့ခေါင်းဆောင်တွေအားလုံး (ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး) လူသားအချင်းချင်း ဒုက္ခပေးမယ့် မည်သည့် ကိုယ်မှု နှုတ်မှု မကောင်းမှုတို့ကိုမှ မပြုသင့်ပါဘူး။ ဘ၀တန်ဖိုးဟာ အကျင့်ကောင်းပါပဲ။ တန်ခိုးအာဏာ ပါဝါကြီးမားခြင်းဟာလဲလည်း သီလပါပဲ။ ဒီနေ့ နိုင်ငံတစ်ခုနှင့် တစ်ခု ဆက်ဆံကြတဲ့ မူဝါဒတွေဟာ အများအားဖြင့် သီလကင်းမဲ့ခြင်းနှင့် အတ္တဆန်ခြင်းတို့အပေါ်မှာ အခြေခံကြတာ တွေ့ရပါတယ်။ မည်သည့် အရေးအရာမှာမဆို တန်ခိုးပါဝါကြီးချင်ကြသူတွေဟာ သီလပါရမီကို အခြေခံကျင့်ကြရမှာပါ။ “သီလပြည့်စုံသူသည် အရာရာပြည့်စုံ၏” မြတ်ဗုဒ္ဓ၏ သတင်းစကားတစ်ပုဒ်ပါ။
၃။ နေက္ခမ္မပါရမီ = Perfection of Renunciation ကျွန်ုပ်တို့ ဘာသာရေး နိုင်ငံရေး၊ လူမှုရေးခေါင်းဆောင်တွေ အားလုံး မိမိတို့ကိုယ်တိုင်လည်း Perfect ဖြစ်ဖို့ ကိုယ်ဆောင်ရွက်နေသော လူသားကောင်းကျိုးပြုလုပ်ငန်းများလည်း Perfect ဖြစ်ဖို့၊ မိမိတို့ရဲ့ ဘ၀နှင့် ခန္ဓာသက်သာမှု၊ ချမ်းသာမှု၊ အခွင့်အရေး အချိန်နှင့် ပစ္စည်းဥစ္စာတို့ကို စွန့်လွှတ်စွန့်စားနိုင်ဖို့ လေ့ကျင့်ရမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ အခွင့်အရေးနှင့် စည်းစိမ်ချမ်းသာ ခံစားမှုတို့ကို မစွန့်လွှတ်နိုင်သေးသမျှ မက်မောနေသေးသမျှ ကာလပတ်လုံး မိမိတို့သည် လူသားအကျိုးပြုလုပ်ငန်းများကို Perfect ဖြစ်အောင်၊ ပြည့်စုံအောင် ဆောင်ရွက်နိုင်ကြဦးမှာ မဟုတ်ပါဘူ။ စွန့်လွှတ်နိုင်မှ အောင်မြင်မှာပါ။ (ဗုဒ္ဓရှင်တော်၏ စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါးတို့ကို လေ့လာပါ)။
၎။ ပညာပါရမီ = Perfection of Wisdom ပညာဆိုတာ အသေးစိတ်သိတတ်တဲ့ ဉာဏ်ပါ။ ခေါင်းဆောင်တို့ အရာရာမှာ အသေးစိတ်သိနားလည်ကြလျှင် လူသားတွေရဲ့ ဘ၀အမှောင်ကို ပယ်ဖျောက်ပေးနိုင်ကြမှာ ဖြစ်ပါတယ်။ အရှိနှင့် အမှန်ကို သူ့အတိုင်းသိမြင်ခြင်းဟာ ပညာပါပဲ။ အရှိကိုသိလျှင် အမှန်ကို သိတော့တာပါပဲ။ ဒါကို သမ္မာဒိဋ္ဌိလို့ ခေါ်တာပါပဲ။ အသိမှန် အမြင်မှန်မှ လူသားတို့အတွက် ဆုံးဖြတ်မှန်မှာဖြစ်ပါတယ်။ ပညာ ကင်းသူတို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ မှားနေတာများပါတယ်။ Good Leader ဆိုတာဟာ Wise Leader, Good hearted Leader ကိုဆိုတာဖြစ်ပါတယ်။ ပညာကို ပါရမီမြောက် ဖြည့်ကျင့်ဖို့လိုပါတယ်။ မေတ္တာ၊ ကရုဏာဖြင့် အေးချမ်းစွာနေလျက် သတိဖြင့်ထိန်းချုပ်ထားသော ပညာရှင်ခေါင်းဆောင်တစ်ယောက်၏ လူသားတို့အတွက် ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်များကား တန်ဖိုးဖြတ်၍ မရနိုင်ချေ။
၅။ ၀ီရိယပါရမီ = Perfection of Endeavor မည်သည့်အခါမှာ မည်သည့်နေရာမှာ မည်သူ့အတွက်၊ မည်သည့်အလုပ်ကိုပဲလုပ်လုပ် အားထုတ်သမျှ အလုပ်ဟာ ကောင်းရမယ်၊ မှန်ရမယ်၊ အကျိုးရှိရမယ်၊ အများလက်ခံနိုင်ရမယ်၊ လှပသော မွန်မြတ်သော ဘယ်သူကမှ အနှောင့်အယှက်မပေးသော ငြိမ်းချမ်းသော အလုပ်ဖြစ်ရမယ်။ မိမိ သူတပါး နှစ်ဦးသား အကျိုးရှိရမယ့်အလုပ်ကို လုပ်တဲ့နေရာမှာ တည်ငြိမ်ဖို့လိုတယ်။ အခက်အခဲ နည်းနည်းတွေ့လျှင် တွန့်ဆုတ်ချင်တဲ့ စိတ်ညံ့ စိတ်ဖျင်းတွေ ကင်းရမယ်။ အားထုတ်လို့ နည်းနည်းအောင်မြင်လာလျှင် များများကြီး စိတ်ကြီးဝင်တာမျိုးလည်း မရှိစေရဘူး။ မပြီးဆုံးခင်မှာ အရှုံးပေးချင်တဲ့ စိတ်ဓာတ်မျိုးလည်းကင်းမှ သမ္မာဝါယမမြောက်မှ ပါရမီလည်းမြောက်ပါတယ်။
၆။ ခန္တီပါရမီ = Perfection of Tolerance ခေါင်းဆောင်တို့ကျင့်စဉ်ဆယ်ရပ်ထဲမှာ ခန္တီဟာ အလွန်အရေးပါပါတယ်။ နှစ်သက်သာယာဖွယ်ကောင်းသည့် အခြေအနေကို လောဘတဏှာ မဖြစ်အောင်ခံနိုင်ရမယ်။ စိတ်ပျက်ဖွယ်ကောင်းအောင် ဆိုးဝါးသည့်အခြေအနေကို ဒေါသပဋိဃမဖြစ်အောင် သည်းခံနိုင်ကြရမည်။ အကောင်းအဆိုး နှစ်မျိုးလုံးကို ခြားနားမှုမပြု တညီထည်းရှုတတ်တဲ့ စိတ်ဟာ ခန္တီပါပဲ။ ကမ္ဘာမြေကြီးဟာ သူ့အပေါ် ကျင်ကြီး၊ ကျင်ငယ်စွန့်ကြတဲ့ သူတွေအပေါ်မှာ ဘယ်သောအခါမျှ ပဋိဃမပြု၊ စိတ်မထိခိုက်၊ သူ့အပေါ်မှာ သစ်ပင်ပန်းပင်စိုက်၍ အလှပြင်ပြန်တော့လည်း အနုနယမပြု၊ (မသာယာ၊မမက်မော) တညီတည်းရှုတယ် ဆိုတာလိုပဲ ရှုတ်ချကဲ့ရဲ့သံကြားလည်း Detach မဖြစ်အောင်နေခြင်းဟာ ဗုဒ္ဓ၏ ခန္တီပါပဲ။ ချီးမွမ်းထောက်ခံ အားပေးတာကိုလည်း Attach မဖြစ်အောင်နေခြင်းဟာ ခန္တီပါပဲ။ အမြတ်ဆုံးသော အကျင့်ဖြစ်ပါတယ်။ ခန္တီဟာကြီးကျယ်သော အောင်မြင်မှု ပန်းတိုင်အတွက် မြင့်မြတ်သော ခေါင်းဆောင်တို့၏ ကြီးမြတ်သော ကျင့်စဉ်တရပ်ပါ။ အခြားတစ်ဖက်မှာတော့ သည်းမခံနိုင်ခြင်းဟာ ဘာသာရေး၊ နိုင်ငံရေး ခေါင်းဆောင်အားလုံးတို့ရဲ့ ဆုံးရှုံးခြင်းသို့ အရှိန်ပြင်းပြင်းနဲ့ တွန်းပို့တဲ့ ရန်သူကြီးတစ်ပါးပင် ဖြစ်ပါတော့တယ်။
၇။ သစ္စာပါရမီ = Perfection of Truth သိလျက်နှင့် မရိုးသားသောစိတ်ဖြင့် သူ့အကျိုးမဲ့အောင် မမှန်စကားမပြောမှ၊ မိမိ၏ရာထူးအာဏာ၊ စီးပွါးဥစ္စာ၊ ဂုဏ်ပါဝါကို မငဲ့ပဲ မှန်သော၊ အကျိုးရှိသော၊ ရိုးသားသော၊ ချိုသာသော၊ ယဉ်ကျေးသော စကားကို ပြောနိုင်မှ လူသားတို့ယုံကြည်စိတ်ချ အားကိုးလောက်သော၊ လူတွေကို လမ်းလွဲသို့မပို့သော ခေါင်းဆောင်ကောင်းတစ်ယောက်၊ လူသားကောင်းတစ်ယောက် ဖြစ်မည်ဟု ဗုဒ္ဓမိန့်ဆိုပါသည်။ ချစ်ခြင်းကြောင့် ဘက်လိုက်သောစကား၊ မုန်းခြင်းကြောင့် ဖိနှိပ်သောစကား၊ ကြောက်ခြင်းကြောင့် မရိုးသားသောစကား၊ တွေဝေခြင်းကြောင့် မှားယွင်းသောစကားတို့ကို မပြောမိစေရန်၊ နှစ်ခွစကားမဆိုကြားဖို့ မြတ်ဗုဒ္ဓက အစဉ်သဖြင့် တိုက်တွန်းပါတယ်။ သစ္စာပါရမီသည် ခေါင်းဆောင်တို့၏ ဂုဏ်ကျက်သရေတစ်ခုဖြစ်သည်။ နေလနှင့် နက္ခတ်တာရာတို့သည် ဥတုသုံးပါးလုံး သူတို့သွားနေကျ လမ်းကြောင်းမှ ဘယ်လမ်းကြောင်းသို့မှ မပြောင်း၊ သွားမြဲလမ်းကြောင်းအတိုင်း သွားနေသကဲ့သို့ ကျွန်ုပ်တို့ခေါင်းဆောင်အားလုံး လူသားတွေကို သစ္စာလမ်းကြောင်းကပဲ ခေါင်းဆောင်ခေါ်သွားသင့်ပါတယ်။
၈။ အဓိဋ္ဌာနပါရမီ = Perfection of Resolution ကျွန်ုပ်တို့ ခေါင်းဆောင်တွေဟာ ဆုံးဖြတ်ချက်တစ်ခု ချမှတ်တယ်ဆိုလျှင် ကျောက်ထဲမှာစိုက်သော ကျောက်တိုင်သည် လေပြင်းမုန်တိုင်းမည်သို့ပင် တိုက်ခတ်စေကာမူ ယိမ်းယိုင်တုန်လှုပ်ခြင်း မရှိသလို လာဘ၊ အလာဘ၊ ပိယ၊ အပ္ပိယ မုန်တိုင်းများ တိုက်ခတ်ခြင်းဟူသော အကြောင်းကြောင့် မပြောင်းမလဲ ခိုင်မြဲသော ဆုံးဖြတ်ချက်နှင့် တည်ငြိမ်သော စိတ်ထားရှိကြဖို့ လိုပါတယ်။ ခိုင်မြဲသော ဆုံးဖြတ်ချက်နှင့် တည်ငြိမ်သောစိတ်ထားသည် ဘ၀နှင့် ဘ၀၏ လုပ်ဆောင်ချက်များ Perfect ဖြစ်ရေးအတွက် အရေးပါသော အင်္ဂါတစ်ရပ်ဖြစ်ပါတယ်။
၉။ မေတ္တာပါရမီ = Perfection of Loving kindness မေတ္တာဆိုတာ ယောက်ျား၊ မိန်းမ နှစ်ဦးသားတို့ ချစ်ကြတာမျိုးကို တကယ်ဆိုလိုတာ မဟုတ်ပါဘူး။ အဘိဓမ္မာမှာ မေတ္တာဆိုတာ အဒေါသကို ပြောပါတယ်။ ဒေါသဆိုတာက အဖျက်ဓာတ်ဖြစ်ပါတယ်။ အဒေါသဆိုတာက Constructive Element, Peaceful Element ဖြစ်ပါတယ်။ ရေနဲ့တူတဲ့ အကျင့်ပါ။ လူကောင်း၊ လူဆိုးနှစ်ယောက်စလုံးကို အေးချမ်းအောင် ဆောင်ရွက်ပေးလိုတဲ့စိတ်ပါ။ ရေဟာ ဘယ်တိုင်းပြည်က ဘယ်ရေပဲဖြစ်ဖြစ် လူတိုင်းကိုအေးချမ်းစေပါတယ်။ မေတ္တာဆိုတာ ရန်သူနှင့် မိတ်ဆွေနှစ်ယောက်လုံးရဲ့ အပေါ်မှာ ကောင်းကျိုးချမ်းသာ ဖြစ်စေချင်တဲ့ စိတ်မျိုးဖြစ်ပါတယ်။ ရင်ခွင်ပိုက်ထားသည့် ကလေးသည် အမေ့ရင်ခွင်မှာ ကျင်ကြီး ကျင်ငယ်စွန့်ပေမယ့် အမေသည် ထိုသားငယ်ကို အပြစ်မယူ၊ အတိုင်းမရှိ ကောင်ကျိုးလိုလားသော စိတ်ဓာတ်ဖြင့် တသားတည်းတညီတည်း အေးချမ်းစေချင်တဲ့ စိတ်ဖြစ်ပါတယ်။ ဒေါသ၊ အာဃာတ၊ ပဋိဃတို့ကို ငြိမ်းအောင်ကျင့်ရတဲ့ ကျင့်စဉ်မျိုးဖြစ်လို့ Way of Peace ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အကောင်းမြင်ဝါဒ ဖြစ်ပါတယ်။
၁၀။ ဥမေက္ခာပါရမီ = Perfection of Equilibrium စိတ်ဓာတ်ရဲ့ ဟန်ချက်ညီမှုပါပဲ။ ဘာသာရေးမှာပဲဖြစ်စေ၊ နိုင်ငံရေးမှာဖြစ်စေ၊ လူမှုရေးမှာဖြစ်စေ၊ ရ+မရ၊ အောင်မြင်+မအောင်မြင်၊ ချီးမွမ်း+ကဲ့ရဲ့ စတဲ့ နှစ်ခုတွဲရှိနေကြတဲ့ လူ့ဘ၀၏ သဘာဝတွေမှာ ဘယ်ဘက်ကိုမှ ဘက်မလိုက်ပဲ မက်မောခြင်းလည်းမရှိ၊ စိတ်ပျက်ခြင်းလည်းမရှိ၊ ဟိုဘက်ဒီဘက် အစွန်းမထွက်ပဲ မျှတညီညွှတ်သော စိတ်အလယ်ကသွားရတဲ့ ကျင့်စဉ်မျိုးဟာ Perfect ဖြစ်လိုတဲ့ ခေါင်းဆောင်တို့အတွက် လိုအပ်တဲ့ ကျင့်စဉ်တစ်ရပ်ဖြစ်ပါတယ်။ The mind of equanimity, that is without fear and favor and evenly balanced ဖြစ်ပါတယ်။
7DAY NEWS journal မှ ထုတ်နှုတ်ဖေါ်ပြခြင်းဖြစ်ပါသည်။
(Credit to ယဉ်သင်းအိ မဂ္ဂဇင်း)
Monday, March 21, 2011
ဓမ္မစာ လက်ဆောင် " မိရိုးဖလာဗုဒ္ဓဘာသာဝင်များ သို့မဟုတ် အခြေခံဗုဒ္ဓဘာသာဝင်များ အတွက်သာ ''
မိရိုးဖလာဗုဒ္ဓဘာသာဝင်များ သို့မဟုတ် အခြေခံဗုဒ္ဓဘာသာဝင်တဦးသည်...နေ့စဉ်နှင့် အမျှ ဆွမ်းတော်တင်
လှူဒါန်းခြင်း၊ သောက်တော်ရေ၊ ဆီမီး၊ ပန်းလှူဒါန်းခြင်း၊ ဘုရားရှိခိုးသီလခံယူ စသောကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြရ၏ - ယင်းသို့ပြုလုပ်ရခြင်း၏
အကျိုးကျေးဇူးများကို သိထားသင့်၏၊ သိထားပါမှ မိမိ၏ ကုသိုလ်ကောင်းမှုတို့ကို ပိုမိုအားတက်
ကြည်ညိုနိုင်မည်ဖြစ်သည်၊ သို့ဖြစ်၍ ဤသို့ သိမှတ်လွယ်အောင် အကျဉ်းမျှ ရေးသားဖော်ပြပါမည် ။
ငါးပါးသီလခံယူဆောက်တည်ခြင်းအစီအစဉ်
ရတနာ သုံးပါး ရှိခိုးကန်တော့ရန်
၁။ ဗုဒ္ဓံ = မြတ်စွာဘုရားကို၊ ပူဇေမိ= ပူဇော်ပါ၏ဘုရား ။
၂။ ဓမ္ဓံ = တရားတော်မြတ်ကို၊ ပူဇေမိ= ပူဇော်ပါ၏ဘုရား ။
၃။ သံဃံ = သံဃာတော်မြတ်ကို၊ ပူဇေမိ= ပူဇော်ပါ၏ဘုရား ။
ကန်တော့ရန်
သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ၀စီကံ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော
အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှါ၊ ပထမ၊ ဒုတိယ၊ တတိယ၊
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်အောင် ၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊
ရတနာမြတ်သုံးပါးတို့ကို၊ အရိုအသေ၊ အလေးအမြတ်၊ လက်အုပ်မိုး၍ ၊
ရှိခိုးပူဇော်၊ ဖူးမြော်မာန်လျှော့ ၊ ကန်တော့ပါ၏ ၊ အရှင်ဘုရား ။
ဆုတောင်းရန်
ကန်တော့ရသော အကျိုးအားကြောင့်၊ အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊
ဗျဿနတရားငါးပါးတို့မှ၊
အခါခပ်သိမ်း၊ ကင်းလွတ်ငြိမ်းသည်ဖြစ်၍ ၊ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်မြတ်ကို ၊ ရပါလို၏ ၊ အရှင်ဘုရား ။
(မှတ်ချက်) သြကာသဆိုရိုးမှာ ( နော်ဝေ ) ရောက် ဗုဒ္ဓဘာသာဝင်အားလုံး တသံတည်း ဖြစ်စေရန်နှင့် ဆုပေးသည့်ရဟန်း
(သို့မဟုတ်) မိဘ၊ ဆရာရှိလျှင်
ဆုတောင်းရန်အပိုဒ်ကို ဆိုစရာမလိုပါ။ အဟံဘန္တေ၊တိသရဏေနသဟ၊ ပဉ္စသီလံ၊ ဓမ္မံယာစာမိ၊ အနုဂ္ဂဟံ ကတွာ၊
သီလံဒေထ၊ မေဘန္တေ။
ဒုတိယမ္ပိ၊ အဟံ ဘန္တေ၊ တိသရဏေန သဟ၊ ပဉ္စသီလံ၊ ဓမ္မံယာစာမိ၊ အနုဂ္ဂဟံကတွာ၊ သီလံဒေထ၊
မေဘန္တေ။ တတိယမ္ပိ၊ အဟံဘန္တေ၊
တိသရဏေနသဟ၊ပဉ္စသီလံ၊ ဓမ္မံယာစာမိ၊ အနုဂ္ဂဟံကတွာ၊ သီလံဒေထ၊ မေဘန္တေ။
မြန်မာပြန်
အရှင်ဘုရား၊ သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသီလ သိက္ခာပုဒ်တရားကို တပည့်တော်က တောင်းပါ၏ အရှင်ဘုရား ၊
တပည့်တော်ကို ငဲ့ညှာထောက်ထား ချီးမြှောက်သောအားဖြင့် (၅) ပါးသီလ ပေးသနားတော်မူပါဘုရား ။
ဘုရားရှိခိုး
နမောတဿ ဘဂ၀တော၊ အရဟတော သမ္မာသမ္ဗုဒ္ဓဿ ( ၃ခေါက်ဆိုပါ )မြန်မာပြန်
ဘုန်းတော်ကြီးတော်မူသော ပူဇော်အထူးကိုခံယူတော်မူထိုက်သော ဆရာမရှိ မိမိအလိုလို ကိုယ်တော်တိုင် သစ္စာလေးပါး၊
သိမြင်တော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုးကန်တော့ပါ၏ ။
သရဏဂုံဆောက်တည်ရန်
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ (ဘုရားကိုကိုးကွယ်ပါ၏)
ဓမ္မံသရဏံဂစ္ဆာမိ၊ (တရားကိုကိုးကွယ်ပါ၏)
သံဃံ သရဏံ ဂစ္ဆာမိ၊ (သံဃာကို ကိုးကွယ်ပါ၏)
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
“ ငါးပါးသီလဆောက်တည်ရန် ”
၁။ ပါဏာတိပါတာဝေရမဏိသိက္ခာပဒံသမာဒိယာမိ ။ (သူတပါးအသက်ကိုမသတ်ပါဘုရား)
၂။ အဒိန္နာဒါနာဝေရမဏိသိက္ခာပဒံသမာဒိယာမိ ။ ( သူတပါးဥစ္စာကိုမခိုးပါဘုရား )
၃။ကာမေသုမိစ္ဆာစာရာဝေရမဏိသိက္ခာပဒံသမာဒိယာမိ။(သူတစ်ပါးသားမယားတို့၌ဖောက်ပြားခြင်းမကျင့်ပါဘုရား)
၎။မုသာဝါဒါဝေရမဏိသိက္ခာပဒံသမာဒိယာမိ။ (လိမ်ညာ၍မဟုတ်မမှန်မပြောပါဘုရား)
၅။ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာဝေရမဏိသိက္ခာပဒံသမာဒိယာမိ။ (မူးယစ်သေစာမသောက်စားပါဘုရား )
“ ငါးပါးသီလခံယူဆောက်တည်ခြင်းအစီအစဉ်ပြီး၏ ”
“ ဆွမ်းတော်ကပ်လှူရန် ”
အရဟတာဒိ န၀ဂုဏေဟိ = အရဟံ အစရှိသော ကိုးပါးသောဂုဏ်တော်တို့နှင့်၊
သံမန္နာဂတံ = ပြည့်စုံတော်မူသော၊
နာထံ = လူ နတ် တို့၏ ၊ ကိုးကွယ်ရာ ဖြစ်တော်မူသော၊
ဗုဒ္ဓံ = သက်တော်ထင်ရှား ၊ သဗ္ဗညု မြတ်စွာဘုရားကို၊
ဥဒ္ဒိဿ = ရည်မှတ်၍၊
စေတိယဿ = ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတော်မြတ်အား၊
ဝဏ္ဏ ဂန္ဓ ရသ သမ္ပနံ္န = အဆင်း အနံ့ အရသာနှင့်  ၊ ပြည့်စုံသော၊
ဣမံ ပိဏ္ဍပါတ ခါဒနီယ ဘောဇနီယံ = ဤဆွမ်းခဲဘွယ် ဘောဇဉ် ချိုချဉ် အရသာကို၊
သက္ကစ္စံ = ရိုရိုသေသေ၊
ဒေမိ = နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ = နိဗ္ဗာန်ကိုမျှော်၊ ပူဇော်ပါ၏ အရှင်ဘုရား ။
“ ပန်းကပ်လှူရန် ”
အရဟတာဒိ န၀ဂုဏေဟိ = အရဟံ အစရှိသော ၊ ကိုးပါးသောဂုဏ်တော်တို့နှင့်၊
သံမန္နာဂတံ = ပြည့်စုံတော်မူသော၊
နာထံ = လူ နတ် တို့၏ ၊ ကိုးကွယ်ရာ ဖြစ်တော်မူသော၊
ဗုဒ္ဓံ = သက်တော်ထင်ရှား ၊ သဗ္ဗညု မြတ်စွာဘုရားကို၊
ဥဒ္ဒိဿ = ရည်မှတ်၍၊
စေတိယဿ = ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတော်မြတ်အား၊
ဝဏ္ဏ ဂန္ဓ သမ္ပနံ္န = အဆင်း အနံ့နှင့်ပြည့်စုံသော၊
ဣမံပုပံ္ဖ = ဤပန်းကို၊
သက္ကစ္စံ = ရိုရိုသေသေ၊
ဒေမိ = နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ = နိဗ္ဗာန်ကိုမျှော်၊ ပူဇော်ပါ၏ အရှင်ဘုရား ။
“ ရေကပ်လှူရန် ”
အရဟတာဒိ န၀ဂုဏေဟိ = အရဟံ အစရှိသော ကိုးပါးသောဂုဏ်တော်တို့နှင့်၊
သံမန္နာဂတံ = ပြည့်စုံတော်မူသော၊
နာထံ = လူ နတ် တို့၏ ၊ ကိုးကွယ်ရာ ဖြစ်တော်မူသော၊
ဗုဒ္ဓံ = သက်တော်ထင်ရှား သဗ္ဗညု မြတ်စွာဘုရားကို၊
ဥဒ္ဒိဿ = ရည်မှတ်၍၊
စေတိယဿ = ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတော်မြတ်အား၊
သုဒ္ဓ သီတလ ပသန္နံ = သန့်ရှင်းအေးမြ ကြည်လင်လှသော၊
ဣမံ ပါနီယ ပရိဘေဇနီယံ = ဤသောက်တော်ရေ သုံးဆောင်တော်ရေကို၊
သက္ကစ္စံ = ရိုရိုသေသေ၊
ဒေမိ = နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ = နိဗ္ဗာန်ကိုမျှော်၊ ပူဇော်ပါ၏ အရှင်ဘုရား ။
“ ဆီမီးကပ်လှူရန် ”
အရဟတာဒိ န၀ဂုဏေဟိ = အရဟံ အစရှိသော ကိုးပါးသောဂုဏ်တော်တို့နှင့်၊
သံမန္နာဂတံ = ပြည့်စုံတော်မူသော၊
နာထံ = လူ နတ် တို့၏ ၊ ကိုးကွယ်ရာ ဖြစ်တော်မူသော၊
ဗုဒ္ဓံ = သက်တော်ထင်ရှား သဗ္ဗညု မြတ်စွာဘုရားကို၊
ဥဒ္ဒိဿ = ရည်မှတ်၍၊
စေတိယဿ = ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတော်မြတ်အား၊
ပဘာဝဏ္ဏေဟိ = အရောင်အဆင်းတို့ဖြင့်၊
ဣမံ ဒီပ ဇာလံ = ဤဆီမီးလျှံကို၊
သက္ကစ္စံ = ရိုရိုသေသေ၊
ဒေမိ = နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊
ပူဇေမိ = နိဗ္ဗာန်ကိုမျှော်၊ ပူဇော်ပါ၏ အရှင်ဘုရား ။
“ ဆုတောင်း ”
၁။ တပြည့်တော်၏ ယနေ့ယခု ၊ လှူဒါန်းရသော( ဆွမ်းတော် ပန်း ဆီမီး သောက်တော်ရေ ) ဤကောင်း
မှုသည်၊ နောင်အခါ၌၊ လောကီလောကုတ္တရာ၊ ကြီးသောဥာဏ်ပညာ၏ ၊ရကြောင်းဖြစ်သော၊ အထောက်အပံ့၊
ဖြစ်ပါစေသတည်း ။
၂။ တပြည့်တော်၏ ယနေ့ယခု ၊ လှူဒါန်းရသော( ဆွမ်းတော် ပန်း ဆီမီး သောက်တော်ရေ ) ဤကောင်း
မှုသည်၊ နိဗ္ဗာန်၏ ရောက်ကြောင်းဖြစ်သော၊ အထောက်အပံ့၊ ဖြစ်ပါစေသတည်း ။
“ အမျှဝေ ”
ဤသို့ပြုရ မြတ်ပုညကို မိဘနှစ်ဖြာ ဥာတကာနှင့် ဆရာသမား အစထား၍၊ နတ်များမကျန် ၊ သတ္တ၀ါမှန်
သမျှ ၊ အနန္တတို့ ၊ ရကြပါစေ၊ အမျှဝေ၏ မသွေယခု ဤကောင်းမှုကို၊ သာဓု သာဓု သာဓု၊ ခေါ်စေသော ။
(အားလုံးကြားကြားသမျှ၊ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု သုံးခေါက်ဆို )
“ သြကာသရှင်းတမ်း ”
သြကာသ = ရှိခိုးပါရစေ၊ ကန်တော့ပါရစေဟုအခွင့်တောင်းခြင်းကို သြကာသဟုခေါ်သည်။ လေးနက်စေ
လိုသောကြောင့်လည်းကောင်း၊ ထင်ရှားပျံ့နှံ့စေလိုသောကြောင့်လည်းကောင်း၊ သြကာသကို
သုံးကြိမ်ဆိုရပါသည်။
ကံသုံးပါး = ကိုယ်ဖြင့်ပြုသောအမှုကို ကာယကံ၊ နှုတ်ဖြင့်ပြောဆိုသောအမှုကို ၀စီကံ၊ စိတ်ဖြင့်ကြံစည်
သောအမှုကို မနောကံဟုခေါ်ပါသည်။
ရတနာ = နှစ်သက်မြတ်နိုးအပ်သောကြောင့် ရတနာဟုခေါ်ပါသည်။
ဘုရား=တရားဥဿုံအလုံးစုံကို အကုန်အစင်သိမြင်တော်မူသောကြောင့်ဘုရားဟုခေါ်ပါသည်။
တရား= အပ္ပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲသို့  မကျရောက်အောင် ဆွဲဆောင်တတ်သောကြောင့်
တရားဟုခေါ်ပါသည်။
သံဃာ = အယူသီလ တူမျှခြင်းဖြင့် ပေါင်းစုဖွဲ့ စည်းထားသောကြောင့် သံဃာဟုခေါ်ပါသည်။
အရိုအသေ = ကိုယ် နှုတ် စိတ် သုံးပါးတို့ဖြင့်၊ ညွတ်တွားကိုင်းရှိုင်းခြင်း ။
အလေးအမြတ်= တကယ်အဟုတ် စိတ်ပါပါနှင့် လေးစားမြတ်နိုးခြင်း ။
ရှိခိုး = ရှိခိုးခြင်းမှာ ကိုယ်ဖြင့်ရှိခိုးခြင်း၊ နှုတ်ဖြင့်ရှိခိုးခြင်း၊ စိတ်ဖြင့်ရှိခိုးခြင်း၊ ဟူ၍သုံးမျိုးရှိသည်၊
ကိုယ့်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၊ မိဘ၊ ဘိုးဘွား၊ ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို
အာရုံပြု၍ ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်းကိုခေါ်သည်။ နှုတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၏
ဂုဏ်ပုဒ်များကိုနှုတ်ဖြင့်ထုတ်ဖေါ်၍ ရွတ်ဆိုခြင်းကို ခေါ်ပါသည်။ စိတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ
ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို စိတ်ထဲမှာအဖန်တလဲလဲ အောက်မေ့ခြင်းကို ခေါ်ပါသည်။
ထိခြင်းငါးပါး = ခြေ လက် နဖူး တတောင် ဒူး ။
ပူဇော် = ပစ္စည်းဖြင့်ပူဇော်ခြင်း၊ တရားဖြင့်ပူဇော်ခြင်း ဟူ၍နှစ်မျိုးရှိသည်။
ဖူးမြော် = ပကတိမျက်စိဖြင့် ဖူးမျှော်ခြင်း၊ အသိဥာဏ်မျက်စိဖြင့် ဖူးမျှော်ခြင်း ဟူ၍နှစ်မျိုးရှိသည်။
မာန်လျှော့ =မိမိသန္တာန်မှာရှိသော မာန်မာနတရားများကို လျှော့ချဖယ်ရှားခြင်း (ရတနာသုံးပါးကို မြင့်မြတ်
ရာ၌ထားခြင်း) ကို မာန်လျှော့သည်ဟုခေါ်ပါသည်။ ( မာန်လျှော့ခြင်းကို နိဝါတမင်္ဂလာဟု မှတ်ပါ )
ကန်တော့ = အပြစ်ရှိက ခွင့်လွှတ်ပါဟု ၀န်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟုခေါ်သည်။
အပြစ်ရှိ၍ ကန်တော့ခြင်း ကုသိုလ်ရလို၍ ကန်တော့ခြင်းဟု နှစ်မျိုးရှိသည် ။
မဂ် = နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော တရားလမ်းကို မဂ်ဟုခေါ်သည်။
ဖိုလ် = မဂ်၏အကျိုးတရားကို ဖိုလ်ဟုခေါ်သည်။
နိဗ္ဗာန် = ရာဂ(တပ်မက်ခြင်းတဏှာ)
ဒေါသ(စိတ်ဆိုးမှု၊ ဖျက်ဆီးမှု၊ ပြစ်မှားမှု)
မောဟ (မိုက်မဲခြင်း၊ မသိခြင်း၊ တွေဝေခြင်း အ၀ိဇ္ဇာ တို့၏ ကင်းရာငြိမ်းအေးမှုဓါတ်သဘောကို နိဗ္ဗာန်ဟုခေါ်သည်။
နမော တဿ= ဘုရားကိုရိုသေလေးစားခြင်း ၊ အစဉ်အလာကိုထိန်းသိမ်းခြင်းအနေဖြင့် “နမောတဿ”ကို
သုံးခေါက်ရွတ်ဆိုရသည် ။
ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု ပြုခွင့်မရသောအရပ်ကို“အပါယ်”ဟုခေါ်သည် ။
“ အပါယ်လေးပါး ”
(၁) ငရဲ = ချမ်းသာအနည်းငယ်မျှ မရှိဘဲ၊ မီးတောက်မီးလျှံ၊ ဒါးလှံစက်တို့၌ ခံရခြင်းကို“ငရဲ”ဟု
ခေါ်ပါသည် ။
(၂) တိရစ္ဆာန်= တရားမသိ၊ စားခြင်း၊ အိပ်ခြင်း၊ မေထုန်မှီဝဲခြင်းကိုသာ သိသောသတ္တ၀ါ ၊
မဂ်-ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်သော “သတ္တ၀ါ” ။
(၃) ပြိတ္တာ= ချမ်းသာသုခမှ ကင်းဝေးသောဖုတ်တစ္ဆေ စသော သတ္တ၀ါ ။
(၄) အသူရကာယ်= စည်းစိမ်ချမ်းသာမြူးတူးခြင်း စသည်တို့ဖြင့် မမြူးတူးမထွန်းပတတ်သော“သတ္တ၀ါ”
“ ကပ်သုံးပါး ”
(၁) ဒုမ္ဘိက္ခန္တရကပ် = အစာခေါင်းပါး ငတ်မွတ်ခြင်းကြောင့် များစွာသေကြေပျက်စီးခြင်း ။
(၂) သတ္တန္တရကပ် = သေစေတတ်သော ဓါး၊ လှံ၊ သေနတ်၊ စသောလက်နက်တို့ဖြင့်၊ အချင်းချင်း
တိုက်ခိုက်ထိုးခုတ်၍ များစွာသေကြေပျက်စီးခြင်း ။
(၃) ရောဂန္တရကပ်= ကူးစက်တတ်သော အနာရောဂါ ကျရောက်သဖြင့် မျာစွာသေကြေပျက်စီးခြင်း ။ ။
· မဂ်ဖိုလ် နိဗ္ဗာန် မရနိုင်သည်ကိုစွဲ၍ ရပ်ပြစ်ဟုခေါ်ပါသည်
“ ရပ်ပြစ်ရှစ်ပါး ”
(၁) ငရဲ ။
(၂) တိရစ္ဆာန် ။
(၃) ပြိတ္တာ ။
(၄) အရူပဘုံ=(နာမ်သက်သက်သာရှိ) ။ အသညသတ်ဘုံ= ( ရုပ်သက်သက်သာရှိ ) ။
(၅) ပစ္ဆန္တရစ်အရပ် ။
(၆) မိစ္ဆာဒိဋ္ဌိ ။
(၇) ဥာဏ်ပညာမရှိသူ (ပဋိသန္ဓေအားဖြင့် ကျိုး၊ ကန်း၊ ဆွံ့၊ အ သောသူအဖြစ် ။
(၈) ဘုရားမပွင့်ရာအခါ၌ လူဖြစ်ရခြင်း ။ ။
“ ရန်သူမျိုးငါးပါး ”
(၁) ရေ ။
(၂) မီး ။
(၃) မင်း ။
(၄) ခိုးသူ ။ (သူတပါးပစ္စည်းကို ပိုင်ရှင်မသိအောင် တိတ်တဆိတ် ယူတတ်သောသူ)
(၅) မချစ်မနှစ်သက်သောသူ ။ (မိမိကိုမုန်း၍ ပျက်စီးရာ ပျက်စီးကြောင်း ကြံတတ်သူ )
ဖောက်ပြန်ချွတ်ယွင်းခြင်းကို ၀ိပတ္တိဟုခေါ်သည်
“ ၀ိပတ္တိတရားလေးပါး ”
(၁) ဂတိဝိပတ္တိ = အပါယ်ဘုံ၌ ဖြစ်ရခြင်း ။
(၂) ဥပဓိဝိပတ္တိ = ရုပ်ဆင်းအင်္ဂါချို့တဲ့ခြင်း ။
(၃) ကာလ၀ိပတ္တိ = တရားမစောင့်သောသူတို့၏ လက်ထက်၌ဖြစ်ရခြင်း ။
(၄) ပယောဂ၀ိပတ္တိ = အကုသိုလ်တရားကိုသာ အားထုတ်၍ အကျင့်ပျက်စီးခြင်း ။ ။
· ဆွေမျိုး၊ ဥစ္စာ၊ ရောဂါ၊ အယူ ၊ အကျင့်ပျက်စီးခြင်းကို ဗျဿနဟုခေါ်သည်။
“ ဗျသနတရားငါးပါး ”
(၁) ဥာတိဗျသန = ဆွေမျိုးပျက်စီးခြင်း ။
(၂) ဘောဂဗျသန = စီးစိမ် ဥစ္စာ ရာထူး ပျက်စီးခြင်း ။
(၃) ရောဂဗျသန = အနာရောဂါကြောင့် ပျက်စီးခြင်း ။
(၄) ဒိဋ္ဌိဗျသန = အယူလွှဲမှား၍ ပျက်စီးခြင်း ။
(၅) သီလဗျသန = ကောင်းသောအကျင့်သီလ ပျက်စီးခြင်း ။ ။
“ ဗုဒ္ဓဝင်အကျဉ်းမှတ်ရန် ”
လူအမည် = သိဒ္ဓတ္ထ ။
ဘုရားဘွဲ့ = ဂေါတမ ။
မိဘအမည် = သုဒ္ဓေါဒ္ဒနမင်းနှင့် မာယာဒေဝီ ။
ကြင်ယာတော် = ယသော်ဓရာ ။ (ဘဒ္ဒကဉ္စနာ)
ရင်သွေးတော် = ရာဟုလာ ။
ယောက်ဖတော် = ဒေဝဒတ် ။
မိထွေးတော် = ဂေါတမီ ။
နေပြည်တော် = ကပိလဝတ်ပြည် ။ (သက္ကတိုင်းမဇ္ဈိမဒေသ)
ဖွားရာဌာန = လုမ္ဗိနီဥယာဉ် ။ ( ကပိလဝတ်ပြည်နှင့်ဒေဝဒဟအကြား)
နန်းစံနှစ် = ၁၃ နှစ် ။ (၁၆ နှစ်မှ ၂၉ နှစ်အထိ)
နမိတ်ကြီးများ = သူအို ၊သူနာ၊ သူသေ ရဟန်း ။
ဗျာဒိတ်ခံယူသောဘဝ = သုမေဓါရသေ့ဘ၀ ။
ဗျာဒိတ်ခံယူသောနေ့ = ကဆုန်လပြည့်နေ့ ။
ဗျာဒိတ်ပေးသောဘုရား = ဒီပင်္ကရာမြတ်စွာဘုရား ။
ပါရမီဖြည့်ဘက် = သုမိတ္တာအမျိုးသ္မီး ။ (ယသော်ဓယာအလောင်း)
ပါရမီဖြည့်ရာကာလ = လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ။
ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် = သတ္တဝါအများအကျိုးဆောင်ရွက်ရန် ။
ဒုက္ကရစရိယာကျင့်ရသောကာလ = ၆ နှစ်ကြာ ။ (၉၇မှ ၁၀၃ အထိ)
ကျင့်သည့်နေရာ = ဥရုဝေဠတော ။
ဘုရားဖြစ်ချိန်သက်တမ်း = ၃၅ နှစ်အရွယ် ။
ဘုရားပွင့်ရာသက်တမ်း = ၁၀၀ တမ်း ။
အလုပ်ကျွေး = ပဉ္စဝဂီငါးဦး ။ (ဒုက္ကရစရိယ ကျင့်ခိုက်)
တရားဦးဟောသည့်နေရာ = ဗာရာဏသီ မိဂဒါဝုန်တော ။
ပထမဆုံး သာဝက = ပဉ္စဝဂီ ငါးဦး ။ (သာဝက=ဘုရား၏တပည့်သား)
နောက်ဆုံးကျွတ်သော သာဝက = သုဘဒ္ဒပရိဗိုဇ် ။
လက်ယာရံ အဂ္ဂသာဝက = အရှင်သာရိပုတ္တရာ ။
လက်ဝဲရံ အဂ္ဂသာဝက အရှင်မောဂ္ဂလန် ။
အဆုံးအမသာသနာ = ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဓ ။
ကျင့်စဉ်သိက္ခာ = သီလ သမာဓိ ပညာ ။
ချမှတ်သောလမ်းစဉ် = မဇျ္ဖိမပဋိပဒါ မဂ္ဂင်လမ်းစဉ် ။
သန္ဒေယူသောနေ့ = မဟာသက္ကရာဇ် ၆၇ ဝါဆိုလပြည့် ကြာသပတေးနေ့ ။
ဖွားမြင်သောနေ့ = မဟာသက္ကရာဇ် ၆၈ ကဆုန်လပြည့် သောကြာနေ့ ။
တောထွက်သောနေ့ = မဟာသက္ကရာဇ် ၉၇ ဝါဆိုလပြည့် တနင်္လာနေ့ ။
ဘုရားဖြစ်သောနေ့ = မဟာသက္ကရာဇ် ၁၀၃ ကဆုန်လပြည့် ဗုဒဟူးနေ့ ။
ဓမ္မစင်္ကြာဟောသောနေ့ = မဟာသက္ကရာဇ် ၁၀၃ ဝါဆိုလပြည့် စနေနေ့ ။
ပရိနိဗ္ဗာန်စံသောနေ့ = မဟာသက္ကရာဇ် ၁၄၈ ကဆုန်လပြည့် အင်္ဂါနေ့ ။
တေဇောဓါတ်လောင်သောနေ့ = ၁၄၈ ကဆုန်လဆုတ် ၁၂ ရက် တနင်္လာနေ့ ။
“ သီလစောင့်တည်ခြင်း၏အကျိုး ”
ဝိမာန ဝတ္ထုတော်တွင် ဥတ္တရာနတ်သမီး၊ သောဏဒိန္ဒာနတ်သမီး ၊ဥပေါသထာနတ်သမီးတို့သည်
ဥပုသ်သီလဆောက်တည်ကျင့်သုံးသဖြင့်ကြီးကျယ်ခမ်းနားသော နတ်စည်းစိမ်ကို ရရှိကြောင်း ဖော် ပြထား၏ ၊
ဥပုသ်သီလဆောက်တည်သဖြင့် ကောင်းကျိုးရသောအခြားသာဓကဝတ္ထုများလည်း များစွာရှိပေသေး၏
သို့ဖြစ်၍ ဥပုသ်သီလကို မပြတ်စောင့်ထိန်းသင့်ကြပါသည
“ ဘုရားရှိခိုးခြင်း ဘုရားဂုဏ်တော်ပွားများခြင်း၏ အကျိုး ”
မြတ်ဗုဒ္ဓလက်ထက်တော်အခါက မဋ္ဌကုဏ္ဍလီအမည်ရှိ လူငယ်တစ်ဦးသည်၊ သေလုဆဲဆဲအိပ်ယာထဲ
လဲနေ၏၊ ထိုသူငယ်သေလွန်လျှင် ငရဲသို့ကျရောက်မည်ဖြစ်ကြောင်း မြတ်ဗုဒ္ဓက သိမြင်တော်မူ၏၊
မြတ်ဗုဒ္ဓသည် ထိုသူငယ်အား ကယ်တင်လိုသဖြင့် ထိုလူငယ်နေထိုင်ရာအိမ်ရှေ့သို့ကြွရောက်ရပ်တန့်ပြီး
ရောင်ခြည်တော်တို့ကို လွှတ်တော်မူသည်၊ ထိုလူငယ်သည် ဘုရားရှင်အား၊ ဖူးမြင်ခွင့်ရသဖြင့်ကြည်ညို
စိတ်ပေါ်လာပြီး အိပ်ယာထဲအိပ်လျှက်ပင်ရှိခိုး၏ ၊ မကြာခင် ထိုလူငယ်သေဆုံး၍ နတ်ပြည်၌တစ်ဆယ့်
နှစ်ယူဇနာရှိသော၊ ဗိမာန်ရှင်နတ်သားဖြစ်လေသည်။
( ဝိမာန၊ ဋ္ဌ။ မဋ္ဌကုဏ္ဍလီဝိမာန၊ ဝတ္ထု )
ထိုမျှရှိခိုး၍ အကျိုးရသည်ကိုထားဘိဦး၊ သူမေဓာဘုရားလက်ထက်တော်က၊ ဥပါသကာတဦးသည်၊
သူတစ်ပါးတို့အား စေတီတော်ကို ရှိခိုးရန်တိုက်တွန်းသဖြင့် သေလွန်သောအခါ တာဝတိံသာနတ်ပြည်၌၊
နတ်သားဖြစ်ရလေသည် ။ထိုမျှသာမက ဘုရားရှိခိုးခြင်း ဘုရားဂုဏ်တော်ပွားများခြင်း အကျိုး (၁၁) မျိုး
ကိုလည်း ရရှိနိုင်ကြပေသေးသည်၊ ယင်းတို့ကား
(၁) ရာဂ ဒေါသ မောဟ ကိလေသာ မဖြစ်ပွါးခြင်း ။
(၂) စိတ်အစဉ်ဖြောင့်မတ်ခြင်း ။
(၃) ဘုရား၌ ရိုသေခြင်း ။
(၄) သဒ္ဓါ သတိ ပညာ ပုည ပြန့်ပြောခြင်း ။
(၅) ပီတိ ပါမောဇ္ဇ များပြားခြင်း ။
(၆) ဘေးရန် အမျိုးမျိုး ကိုသည်းခံနိုင်ခြင်း ။
(၇) ဘုရားနှင့်အတူနေရသကဲ့သို့ ထင်မှတ်ရခြင်း ။ ( ဘုရားနှင့်နီးစပ်၍အကုသိုလ်နည်းပါးသည်ဟုဆိုလိုသည် )
(၈) စေတီအလား ပူဇော်ထိုက်ခြင်း ။ (ဘုရားဂုဏ်တော်ပွါးများသူတို့၏ ကိုယ်ခန္ဒာသည် စေတီအလား
ပူဇော်ထိုက်သည်ဟုဆိုလိုသည်)
(၉) ဘုရား၌ စိတ်ညွှတ်ခြင်း ။ (ဘုရား၌ စိတ်ရောက်နေ၍ အပြင်အပ အကုသိုလ်များ မဝင်နိုင်ခြင်း)
(၁၀) အရှက်အကြောက်ဖြစ်ခြင်း ။ (အကုသိုလ်ဖြစ်မှု ကျူးလွန်စရာတွေ့ခဲ့သော် ဘုရားအာရုံထင်
မြင်လာ၍ ဟီရိသြတ္တပ္ပ အရှက်အကြောက်ဝင်ပြီး မလွန်ကြူး ခြင်း )
(၁၁) နတ်ရွာစံသော် သုဂတိလားခြင်း ။ (ဤဘဝ၌ မဂ် ဖိုလ် မရသေးစေကာမူ ကွယ်လွန်သောအခါ
ဒုဂ္ဂတိမကျနိုင်) ( ဝိသုဒ္ဒိမဂ် ပထမစာအုပ် )
“ မေတ္တာပို့ ”
လုံးစုံများစွာသတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
ကြောက်တတ် မကြောက်တတ် ၊ နှစ်ရပ်များစွာ၊ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊
ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ ။
မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊
ငြိမ်းအေးကြပါစေ ။
ဝေးနေ နီးနေ နှစ်ထွေများစွာ ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊
ငြိမ်းအေးကြပါစေ ။
ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊
ငြိမ်းအေးကြပါစေ ။
ရှည် တို အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊
ငြိမ်းအေးကြပါစေ ။
ကြီး ငယ် အလတ် ၊ သုံးရပ်ခန္ဓာ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊
ငြိမ်းအေးကြပါစေ ။
ဆူ ကြုံ အလတ် ၊ သုံးရပ်ခန္ဓာ သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေး၊
ငြိမ်းအေးကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း ၊ ကင်းရှင်းကြပါစေ ။
အထင်သေးခြင်း အချင်းချင်း ၊ ကင်းရှင်းကြပါစေ ။
ဆင်းရဲလိုခြင်း အချင်းချင်း ၊ ကင်းရှင်းကြပါစေ ။
“ မေတ္တာပို့သခြင်းအကျိုး ”
ဗုဒ္ဓရှင်တော်ဘုရား လက်ထက်အခါတော်က သာဝတ္ထိပြည်မှ ယူဇနာတစ်ရာဝေးသော တောနေရဟန်း (၅၀၀) တို့ကို၊
နတ်ဘီးလူးတို့က ခြောက်လှန့်ကြ၏ ထို့ကြောင့်ရဟန်းတို့သည် တရားအားထုတ်သော်
လည်း တရားထူးကို မရနိုင်ကြ ၊ မြတ်ဗုဒ္ဓက ထိုရဟန်းတို့အား နတ်ဘီးလူးတို့ခြောက်လှန့် မှုမပြုရန်
မေတ္တာသုတ်ပရိတ်တော်ကို ဟောကြားသင်ပြတော်မူပြီး ထိုရဟန်းတို့သည် မေတ္တာသုတ်ပရိတ်တော်
တို့ကို ရွတ်ဆို၍ မေတ္တာပို့သဖြင့် နတ်ဘီးလူးတို့ခြောက်လှန့်မှုကင်းဝေးခဲ့၏ ။ ထိုမျှသာမက မေတ္တာ၏
အကျိုး (၁၁) မျိုးကို ရရှိနိုင်ကြပေသေးသည်၊ ယင်းတို့ကား
(၁) ချမ်းသာစွာ အိပ်ရခြင်း ။
(၂) ချမ်းသာစွာ နိုးရခြင်း ။
(၃) အိပ်မက်ဆိုးကို မမြင်မက်ခြင်း ။
(၄) နတ်တို့က စောင့်ရှောက်ခြင်း ။
(၅) လူအများ ချစ်ခင်ခြင်း ။
(၆) မီးဘေး မသင့်နိုင်ခြင်း ။
(၇) အဆိပ် လက်နက် မသင့်ရောက်နိုင်ခြင်း ။
(၈) စိတ်တည်ကြည်ခြင်း ။
(၉) တွေဝေစွာ မသေရခြင်း ။
(၁၀) သေလွန်လျှင် ဗြဟ္မာ့ပြည်ရောက်နိုင်ခြင်း ဟူ၍ (၁၁) ပါးရှိကြောင်း ပြဆိုထားပါသည် ။
“ ဆွမ်းလှူဒါန်းရခြင်းအကျိုး ”
ရာဇဂြိုဟ်ပြည်၌ အာစာမ ဒါယိကာ အမျိုးသမီးသည် သူဌေးအိမ်မှ စားကြွင်းစားကျန် ထမင်းချိုး(ဂျိုး)ကို
ရသဖြင့် အရှင်မဟာကဿပအား လှူဒါန်း၏ ထိုကုသိုလ်ကြောင့်သေလွန်၍
နိမ္မာနရတိနတ်ပြည်၌ နတ်သမီးဖြစ်ရလေသည်။
( ဝိမာန၊ ဋ္ဌ။ အာစာမဒါယိကာဝတ္ထု )
ဆွမ်းလှူဒါန်းသဖြင့် ရရှိသောအခြားသာဓက ဝတ္ထုများစွာရှိသေး၏ ၊ ဆွမ်းလှူဒါန်းသဖြင့် ရရှိသော
အကျိုးတရား (၅)မျိုးကိုလည်း အဂုင်္တ္ထိုရ်ပါဠိတော် ဘောဇနသုတ်တွင် ပြဆိုထားပါသည် ယင်းတို့ကား
(၁) အသက်ရှည်ခြင်း ။
(၂) အဆင်းလှခြင်း ။
(၃) ကိုယ် စိတ် နှစ်ဖြာချမ်းသာခြင်း ။
(၄) ခွန်အားဗလ ကြီးမားခြင်း ။
(၅) ဥာဏ်ပညာကြီးမားခြင်း တို့ဖြစ်သည် ။
“ ရေကပ်လှူရခြင်းအကျိုး ”
မြတ်ဗုဒ္ဓ လက်ထက်တော်က သာဝတ္ထိပြည်မြို့နယ်ရှိ ကျေးရွာတရွာမှ အမျိုးသမီးတစ်ဦးသည်၊ ဘုရားဖူးခရီးသည်
ရဟန်းတော်များအား ရေလှူသဖြင့် သေလွန်လျှင် တာဝတိံသာနတ်ပြည်၌ နတ်သမီးဖြစ်ပြီး ခမ်းနားကြီးကျယ်သော
နတ်စည်းစိမ်ကို ခံစားရလေသည်။
( ဝိမာန၊ ဋ္ဌ။ လှေယာဉ်စီး နတ်သမီးဝတ္ထု )
ထို့အပြင် ရေအကျိုး (၁၀)ပါးရှိကြောင်းလူအများသိကြ၏ ယင်းတို့ကား ----
(၁) လျှင်မြန်ခြင်း ။
(၂) သန့်ရှင်းစင်ကြယ်ခြင်း ။
(၃) ကျော်ကြားလူသိများခြင်း ။
(၄) ဆာလောင်မွတ်သိပ်မှုကင်းခြင်း ။
(၅) အခြွေအရံများခြင်း ။
(၆) အသက်ရှည်ခြင်း ။
(၇) အဆင်းလှခြင်း ။
(၈) ချမ်းသာခြင်း ။
(၉) ခွန်အားကြီးခြင်း ။
(၁၀) ဥာဏ်ပညာထက်မြက်ခြင်း တို့ဖြစ်ပါသည် ။ ။
“ ပန်းလှူဒါန်းခြင်းအကျိုး ”
ကဿပမြတ်စွာဘုရား လက်ထက်တော်က အမျိုးသမီး (၄) ယောက်သည်၊ ရဟန်းတစ်ပါးအား ပန်းတို့ကို လှူဒါန်းကြ၏ ။
သေလွန်သောအခါ ထိုကောင်းမှုကုသိုလ်ကြောင့်တာဝတိံသာနတ်ပြည်၌ နတ်သမီးဖြစ်ပြီး နတ်စည်းစိမ်ကိုခံစားကြရလေသည်
ဤသို့ဖြင့် ထိုနတ်ပြည်မှာ ဆက်ကာဆက်ကာ ဖြစ်ရပြီး ဤဘုရားလက်ထက်တွင် နတ်သမီးဘဝဖြင့်
တရားနာကြရကာ သောတပန်ဖြစ်ကြလေသည် ။
( ဝိမာန၊ ဋ္ဌ ၊ ပန်းလှူသောနတ်သမီး(၄) ယောက်ဝတ္ထု )
ပန်းလှူဒါန်းသဖြင့် ရရှိသော အခြားအကျိုးများလည်း ရှိသေး၏ ။ ယင်းတို့ကား
(၁) ရုပ်ရည်လှပခြင်း ။
(၂) ကိုယ်ခန္ဒာသန့်ရှင်းခြင်း ။
(၃) ခံတွင်းမွှေးကြိုင်ခြင်းတို့ဖြစ်သည် ။
“ ဆီမီးလှူဒါန်းရခြင်းအကျိုး ”
ဂေါတမ ဘုရားလက်ထက်တော်အခါက သာဝတ္ထိပြည်သူတဦးသည် တရားပွဲ၌ ဆီမီးညှိထွန်းလှူဒါန်း
သဖြင့် သေလွန်သောအခါ တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်ရလေသည် ။ ဆီမီးညှိထွန်းလှူဒါန်း
သဖြင့် ရရှိနိုင်သော အခြားအကျိုးများလည်း များစွာရှိပေသေး၏ ။ ယင်းတို့ကား
(၁) မံသစက္ခု ပကတိမျက်စိ ကြည်လင်ခြင်း ။
(၂) ဥာဏစက္ခု ဥာဏ်(မျက်စိ) ကြည်လင်ခြင်းတို့ဖြစ်သည် ။
“ မြတ်စွာဘုရား၏ ကိုယ်စား ရုပ်ပွားတော် ကိုးကွယ်သူများ သိသင့်သိထိုက်သော
အချက်အလက် ”
(၁) မြတ်စွာဘုရား၏ ကိုယ်စားတော် ဆင်းတု ရုပ်ပွားတော်များသည် ၊ မည်သည့်ကာလအချိန်မှ စတင်ပေါ်ပေါက်လာသည် ။
(၂) ဆင်းတု ရုပ်ပွားတော်များအဖြစ် ထုလုပ် သွန်းလောင်းအပ်သောအရာများသည် မည်သည့်အရာများ
ဖြစ်သည် ။
(၃) ဆင်းတု ရုပ်ပွားတော်များကို မည်ကဲ့သို့သော ပုံသဏ္ဌာန်မျိုးကို ထုလုပ်အပ်သည် ။
(၄) ထုလုပ်ရာတွင် မည့်သည့်အချက်များကို သတိပြု ဂရုထားအပ်သည်တို့ ဖြစ်ကြ၏
(၁) မြတ်စွာဘုရား၏ ဆင်းတုရုပ်ပွားတော်များ စတင်ပေါ်ပေါက်လာပုံမှာ ဤသို့ဖြစ်၏
တနေ့သ၌ ပေဿနဒီ ကောသလမင်းကြီးသည် မြတ်စွာဘုရားအား ဖူးမြော်ကန်တော့ရန် ဇေတ၀န်
ကျောင်းတော်သို့ သွားရောက်ခဲ့လေရာ မြတ်စွာဘုရားသခင်သည် ၀ါပအခါတွင် ဒေသစာရီကြွချီတော်
မူမြဲအတိုင်း ကြွချီတော်မူ၏ ။ ဇေတ၀န်ကျောင်းတော်၌ မြတ်စွာဘုရားသခင် ရှိတော်ခိုက်မဟုတ်သဖြင့်
မဖူးမတွေ့ရသည်နှင့် မင်းကြီးသည် စိတ်တော်ညိုးနွမ်းကာ ကျောင်းတော်ကို ဆီ မီး ပန်း နံ့သာတို့ဖြင့်
ပူဇော်ပြီး နန်းတော်သို့ပြန်လည်ကြွခဲ့ရလေသည် ။ မြတ်စွာဘုရားလည်း ဒေသစာရီကြွချီရာမှ ဇေတ၀န်
ကျောင်းတော်သို့ ပြန်ရောက်တော်မူခဲ့ရာ ဗုဒ္ဓပြန်လည်ရောက်ရှိတော်မူပြီဟု မင်းကြီးကြားသိလျှင် မှူး
မတ်ဗိုလ်ပါခြံရံလျက် မြတ်စွာဘုရားထံ သွားရောက်ပြီး “ ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော
ရှင်တော်မြတ်ဘုရား အရှင်ဘုရားသည် ကျောင်းတော်၌ သီတင်းသုံးရှိနေပါသော် တပည့်တော်တို့သည်
တရားတော်ကိုလည်း နာယူရပါ၏ သီလတော်ကိုလည်း ဆောက်တည်ကြရပါ၏ ။ ကျောင်းတော်၌
အရှင်ဘုရားမရှိခဲ့သော် တပည့်တော်တို့သည် အလှူလည်းမပြုရ တရားတော်လည်း မနာကြားရ ၊
သီတင်းသီလလည်း မဆောက်တည်ရ ဖြစ်ခဲ့ရပါ၏ ။ အရှင်ဘုရားကိုယ်စား ရုပ်ပွားတော်ကို ထုလုပ်ပူဇော်လိုပါသည်
ခွင့်ပြုတော်မူပါလော့”ဟု လျှောက်ထားတောင်းပန်လေသည် ။ ထိုအခါ ဗုဒ္ဓမြတ်စွာလည်း သာဓုသုံးကြိမ်
သုံးခါခေါ်ဆိုပြီးနောက် မင်းကြီး၏ လျှောက်ထားတောင်းပန်ချက်ကို ခွင့်ပြုတော်မူခဲ့ပေ၏ ထိုအချိန်မှစ၍
ဆင်းတု ရုပ်ပွားတော်များ စတင်ပေါ်ပေါက်လာခဲ့ပေတော့သည် ။
(၂) မြတ်စွာဘုရားသခင်သည် ကောသလမင်းအား မိမိ၏ကိုယ်စားတော် ရုပ်ပွားဆင်းတု
တော်များ ထုလုပ်သွန်းလောင်းလုပ်ရန် အရာဝတ္ထုများကိုပါထုတ်ဖေါ်မြွက်ကြားတော်မူခဲ့ပေ၏ ။
“ မင်းကြီး သဒ္ဓါ ပညာ ၀ီရိယနှင့်ပြည့်စုံသော မင်း ပုဏ္ဏား သူဋ္ဌေးသူကြွယ် ဆင်းရဲသားတို့သည် မိမိတို့၏
တတ်စွမ်းနိုင်သည့်အားလျော်စွာ ရွှေဖြင့်လည်းကောင်း ၊ ငွေဖြင့်လည်းကောင်း ၊ ပတ္တမြားဖြင့်လည်းကောင်း ၊
ကြေးဖြင့်လည်းကောင်း ၊ သံဖြင့်လည်းကောင်း ၊ ခဲဖြင့်လည်းကောင်း ၊ ကြေးနီဖြင့်လည်းကောင်း ၊ သစ်ဖြင့်
လည်းကောင်း ၊ အုတ်ဖြင့်လည်းကောင်း ၊ ကျောက်ဖြင့်လည်းကောင်း ၊ အဆင်းရှိသောဆေးဖြင့်လည်း
ကောင်း ၊ ကျောက်မျက်ရွဲတို့ဖြင့်လည်းကောင်း သွန်းလောာင်းအပ် ထုလုပ်အပ်၊ ရေးသော်လည်း ရေးအပ်
ပေ၏ ”ဟု မိန့်ကြားတော်ခဲ့၏
(၃) ထုလုပ်အပ် သွန်းလောင်းအပ်သည့် ရုပ်ပွားတော် ပုံသဏ္ဌာန်များ
ဗုဒ္ဓကိုယ်စား ရုပ်ပွားတော်များ ထုလုပ်ရန် မြတ်စွာဘုရားသည် ကောသလမင်းအား မိန့်ကြားရာတွင်
“ ငါဘုရားသည် ဗောဓိပင်နှင့်ပုလ္လင်တော်၌ မာရ်စစ်သည်တို့ကို အောင်မြင်တော်မူဟန်ကိုလည်းကောင်း
ပဉ္စ၀ဂ္ဂီ(၅)ဦးတို့အား ဓမ္မစကြာဟောတော်မူဟန်ကိုလည်းကောင်း ၊ကပ္ပိန္နမင်းကြီးကို ရုပ်တုဖန်ဆင်း၍
ပြတော်မူဟန်ကိုလည်းကောင်း ၊ ရတနာစင်္ကြံ၌ စင်္ကြသွားတော်မူဟန်ကိုလည်းကောင်း ၊ အနိမ္မိဿကုန်း၌
မမှိတ်သော မျက်စိဖြင့် ကြည့်တော်မူဟန်ကိုလည်းကောင်း ၊အာဋ္ဌာရနှင့် ဥဒကရသေ့ကြီးတို့ ရှုံးခြင်းကြီး
ရှု လေစွတကားဟုရင်လက်ခတ်တီး၍ အံ့သြတော်မူဟန်ကိုလည်းကောင်း၊ အရှင်အာနန္ဒာအား လက်သား
တော်ဖြင့် မြေမှုန့်ပြတော်မူဟန်ကိုလည်းကောင်း ၊ လျောင်းစက်ကျိန်းတော်မူဟန်ကိုလည်းကောင်း၊ ပရိနိဗ္ဗာန်
ပြုတော်မူဟန်ကိုလည်းကောင်း ၊ ထုလုပ်ရာ သွန်းလောင်းရာ ရေးစွဲရာ၏ ”ဟု မိန့်မြွက်တော်မူခဲ့လေသည် ။
(၄) ဆင်းတုရုပ်ပွားတော်များ ထုလုပ်ရာတွင် သတိပြု ဂရုထားရမည့် အချက်များ
ဆင်းတု ရုပ်ပွားတော်များ ထုလုပ် သွန်းလောင်းလုပ်ရာ၌ ပါသာဒိကဂုဏ်တော်နှင့်ပြည့်စုံအောင် ကြည်ညို
ဖွယ် အသရေတော်ဆောင်နေသည့် ပုံတော်မျိုးကို ထုလုပ် သွန်းလောင်း ရေးစွဲရမည်ဖြစ်၏ ။
တတ်နိုင်သမျှ လက္ခဏာတော်ကြီး လက္ခဏာတော်ငယ်တို့နှင့် ပြည့်စုံသည့်အသွင်ကို ဆောင်အောင်
ထုလုပ် သွန်းလောင်း ရေးစွဲရမည် ။ လှပစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ခြယ်သထားသော
အမျိုးသ္မီးများတို့၏ မျက်နှာသွင်ပြင်မျိုးကဲ့သို့ မထုလုပ် မသွန်းလောင်း မရေးခြယ်အပ်ပေ ။ ကြည်ညိုဖွယ်
ကင်းမဲ့သော လက်တဖက်ကို ဆန့်တန်းထားခြင်း ၊ လည်ကုပ်တိုနှင့်ဝမ်းဗိုက်ပူ(အချို့ဒက္ခိဏသာခါဘုးရား)
ထုလုပ် သွန်းလောင်း ရေးစွဲထားခြင်း၊ မျက်နှာပေါက်ဆိုးစွာ ကြည်ညိုဖွယ်တင့်တယ်မှု သပ္ပာယ်မှုကင်းမဲ့
သော ပုံသဏ္ဌာန်မျိုးများကို ထုလုပ် သွန်းလောင်း ရေးခြယ်ခြင်းမှ ရှောက်ကြဉ်ရပေမည် ။ ။
“ ဥပါသကာ၏ ဂုဏ်ရည် (၁၀ )ပါး ”
ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သော ပုဂ္ဂုလ်တယောက်သည် ဖေါ်ပြလတ္တံ့ပါ ဂုဏ်အင်္ဂါများနှင့် ပြည့်
စုံပါက အဆင့်မြင့် ဥပါသကာ ၊ ဂုဏ်သရေရှိ ဥပါသကာ စစ်စစ်ဖြစ်ပါသည် ။
(၁) ဘုရားရှင်၏ တပြည့်သား သံဃာတော်များနှင့် အေးအတူ ပူအမျှ ဆင်းရဲချမ်းသာကို ဝေမျှခံစားခြင်း ။
(၂) ဗုဒ္ဓ၏ တရားတော်ကိုသာ အလေးဂရုပြုခြင်း ။
(၃) မိမိမှာရှိတဲ့ ပစ္စည်းဥစ္စာကို မျှတစွာ ခွဲခြားသုံးစွဲ လှူဒါန်းတတ်ခြင်း ။
(၄) ဘုရားသာသနာ ပျက်စီးမည့်အရေး တွေ့မြင်ပါက သာသနာတော်- ကြီးပွားရာ ကြီးပွားကြောင်း
ကိုသာ မနေမနား ကြိုးစားအားထုတ်ခြင်း ။
(၅) အယူဖြောင့်မှန်ပြီး လူပြိန်းတို့လက်ခံသည့် အထူးအဆန်းမင်္ဂလာကို ယုံကြည်မှု မရှိသည့်အပြင် မိမိအ
သက်ကို ပဓာနမထားဘဲ မိမိကိုးကွယ်ရာ ဆရာ (ဘုရား)မှ အယူပျက်သော တိတ္ထိဆရာများကို မိမိ၏
ဆရာအဖြစ် မည်သည့်အခါမျှ မရည်ညွှန်းခြင်း ။
(၆) ကာယကံ ၀စီကံ စောင့်ထိန်းခြင်း ။
(၇) အတူတကွ သာသနာရေး လုပ်ငန်းဆောင်ရွက်နေသော ပုဂ္ဂိုလ်များနှင့် သင့်တင့် ညီညွတ်စွာ နေထိုင်
တတ်၍ အချင်းချင်းအပေါ် ငြူစူမှုကင်းပြီး သာသနာတော်ကို ခုတုံးလုပ်၍ ဟန်ဆောင် ပလွှား ၀ါကြွားမှု မပြုခြင်း ။
(၈) ဘုရားရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း ။
(၉) တရားရတနာကို ကိုးကွယ်ဆည်းကပ်ခြင်း ။
(၁၀) သံဃာရတနာကို ကိုးကွယ်ဆည်းကပ်ခြင်းတို့ ဖြစ်သည် ။ ။
“ မြတ်စွာဘုရား၏ ဆင်းတုရုပ်ပွားတော်များ ပူဇော်ရသည့်အကျိုး ”
မြတ်စွာဘုရား၏ ရုပ်ပွားဆင်းတုတော်ကို ပူဇော်ရှိခိုးကြသည့် သူများမှာ-- “သက်တော်ထင်ရှား မြတ်စွာဘုရားပါတကား ” ဟု
ဂုဏ်တော်ကိုးပါးကို စိတ်ရောက်ပြီးကြသူများ ဖြစ်ကြပါသည် ၊ ဖြစ်လည်းဖြစ်ရပါမည် ။ဤကဲ့သို့ ပူဇော်ကိုးကွယ်ကြမည်ဆိုလျှင်
“သမေ စိတ္တေ သမံဖလံ ”ဆိုသည့် ဘုရားဟောပါဠိတော်အရ အကျိုးထူးများ ရရှိနိုင်ပါသည် ။ “ စိတ္တေ၊ မိမိ၏ စိတ်သည် ၊
(၀ါ) မြတ်စွာဘုရား၏ ရုပ်ပွားတော် ဆင်းတုတော်ကို ပူဇော်ရှိခိုး ကိုးကွယ်ကြသည့် ပုဂ္ဂုလ်၏ စိတ်သည် ၊ သမေ ၊
သက်တော်ထင်ရှား မြတ်စွာဘုရားနှင့် ရုပ်တုဆင်းတုတော်၌ အညီအမျှ ထားနိုင်သည်ရှိသော် ၊ သမံ ဖလံ၊ ဘုရားအစစ်ကို
ပူဇော်ရသကဲ့သို့ အကျိုးတရား အတူတူပင်ရရှိနိုင်ပါသည်” ထို့ကြောင့် ရုပ်ပွားဆင်းတု ကိုးကွယ်ကြသူများ၏ စိတ်သည်
အချုပ်ဖြစ်သည် ၊ အဓိကလည်းဖြစ်၏ ။
မိမိစိတ်သည် စွမ်းလျှင် မိမိအား အကျိုးပေးစွမ်းမည်သာ ဖြစ်ပေသည် ။ မိမိတို့၏ နေအိမ်များအသီးသီး
တွင် ရုပ်ပွားဆင်းတု ကိုးကွယ်ထားပြီးသည်နှင့် လိုက်နာရမည့်စည်းကမ်းများ ရှိပါသည် ။ ဘုရားစင်ကို
သီးခြားစင်မြင့်နှင့် ၊ ကိုးကွယ်ထားရမည် (ဘုရားစင်ကို သီးခြားဘုရားခန်းနှင့်စင်မြင့် ၊ ကိုးကွယ်ထားနိုင်
မည်ဆိုလျှင် အထူးဆိုဘွယ်ရာမရှိပေ) မိမိအာရုံပြု ပူဇော်လိုသည့်အချိန်တွင် ဘုရားခန်းထဲဝင်၍ ပူဇော်
ကိုးကွယ်ရပါသည် ။ ဘုရားစင်ရှေ့ ဒူးထောက် ပေါ်ကား မနေရပေ ၊ မြတ်ဗုဒ္ဓကို အဂါရ၀ ဖြစ်အောင်
ပြုလုပ်နေထိုင်ကြလျှင် အပြစ်ဖြစ်ပါသည် ။ အပြောအဆို ယဉ်ကျေးသိမ်မွေ့ရပါမည် ။ ဘုရားစင်ရှေ့ထား
ပြီး ဆဲဆိုခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲသောက်စားခြင်း၊ ရန်ဖြစ်ခြင်းများ မပြုလုပ်ရပါ ၊ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်
တဦးခံယူပြီး ဗုဒ္ဓဘာသာအသင်းအပင်းနဲ့ ငါမပတ်သက်ချင်ပါ စသော အမင်္ဂလာစကားများ
မပြောဆိုမိခြင်းသည် သိပ်အရေးကြီးလှပါသည် ။ မိမိတို့အိမ်တွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို ဘုရားစင်နှင့်
ကိုးကွယ်ထားခြင်းအားဖြင့် ဖေါ်ပြလတ္တံ့ပါ အကျိုးကျေးဇူး(၉)မျိုးကို ရရှိပါသည် ။
(၁) ဘုရားစင်ရှိသည့်အတွက် ဘုရားကိုမြင်နေရခြင်း ၊ ဘုရားဝေယျာဝစ္စပြုနေရခြင်း ၊ ဘုရားကို ကိုင်းညွတ်
သည့်စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရားတရားနှင့်ကင်းကွာ မနေခြင်းပင်ဖြစ်သည် ။
(၂) မြတ်စွာဘုရားကို ဖူးတွေ့ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ် ပို၍ ယုံကြည်မှု လေးနက်လာသည် ၊
(၃) အိမ်တွင် ဘုရားစင်ရှိလျှင် စနစ်တကျ ဆည်းကပ်ကိုးကွယ်မှု ပြုခြင်းဖြင့် သတိမြဲခြင်းနှင့် ပညာဥာဏ်
ထက်မြက်ခြင်းများ ရှိလာသည် ။
(၄) ကုသိုလ်တရားများ တိုးပွားလာသည် ။
(၅) စိတ်ညစ်ညူးမှုရှိလာလျှင် ဘုရားစင် ဘုရားရှေ့တော်သို့ သွားပြီး ဘုရားပန်းလဲခြင်း ၊ မြတ်စွာဘုရားကို အသေအချာကြည့်
အာရုံပြုလိုက်ခြင်းဖြင့် စိတ်ညစ်ညူးမှုများ ပပျောက်လာသည် ။ အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ ရပ်တန်းမှရပ်ပြီး
စိတ်ကြည်နူးမှု ချက်ချင်းရရှိလာပါသည် ။
(၆) အိမ်တွင် ဘုရားစင်ရှိသဖြင့် နာနာဘာဝ ၀ိနာဘာဝများ၏ အနှောင့်အယှက်များမှ ကင်းပြီး မကြောက်မရွံ့ နေနိုင်ပါသည် ။
(၇) ဆင်းရဲဒုက္ခကို သည်းခံလာနိုင်သည် ။
(၈) ဘုရားစင်ကို ပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်းသုတ်သင်ပြီး ကျကျနန ထားလျှင် အိမ်ကျက်သ
ရေ ၊ လူကျက်သရေ တက်ပြီး ဂုဏ်သိက္ခာများ တက်ပါမည် ။
(၉) ဘုရားစင်ရှိသဖြင့် မြတ်စွာဘုရားနှင့် အတူတကွနေထိုင်ရသကဲ့သို့ ဖြစ်ပြီး သူတပါး၏ ချီးမြှောက်ပူဇော်မှု
ကို ၊ ခံယူရရှိနိုင်ပါသည် ။ ။
“ အယူဝါဒပျက်စီခြင်း ”
ဗုဒ္ဓဘာသာသည်
(၁) ဘုရား ၊
(၂) တရား ၊
(၃) သံဃာ ၊
(၄) ကံ ၊ ကံ၏အကျိုး ၊
(၅) အကြောင်းနှင့် အကျိုး ဆက်သွယ်ဖြစ်မှု ၊(ပဋိစ္စသမုပ္ပါဒ်)
(၆) အတိတ်ဘ၀ အနာဂတ်ဘ၀ တို့ကို ယုံကြည်ရသည် ။
ဤ၌ ကံဟူသည် ကုသိုလ်ကံ(ကောင်းသောအလုပ်)နှင့် အကုသိုလ်ကံ(မကောင်းသောအလုပ်)ပင် ဖြစ်သည် ၊
လောက၌ မည်သူမဆို
ကောင်းတာလုပ်လျှင် ကောင်းကျိုးကိုခံစားရ၏ ။ မကောင်းတာလုပ်လျှင် မကောင်းကျိုးကို ခံစားရ၏ ။
မိမိပြုလုပ်သော ကံ၏ မိမိ၏ ကိုယ်ပိုင်ဥစ္စာ(ကမ္မဿကာ) မည်ပါသည် ၊
မိမိပြုလုပ်သောကံအရ ဆိုးမွေကောင်းမွေ (ကမ္မဒါယာဒ)ကို ခံယူရမည်ဖြစ်သည် ။ ဤသို့
ယုံကြည်လက်ခံခြင်းကို ကမ္မဿကတာသမ္မာဒိဋ္ဌိ ဟု ခေါ်ပါသည် ။ ဗုဒ္ဓဘာသာဝင်
တဦးသည် ထိုသို့ လက်ခံယုံကြည်နေက အမှန်ကို လက်ခံယုံကြည်ခြင်းဖြစ်၍ အယူဝါဒ မပျက်မစီး
တည်နေသည် မည်၏ ။ ဤကဲ့သို့ ဘုရား တရား စသည်တို့ကို မယုံကြည်တော့ဘဲ
(၁) လောက၌ ဖန်ဆင်းရှင်ရှိ၏ မြေကြီး၊ ဟိမ၀န္တာတောင်၊ စကြာသဠာ၊ မဟာသမုဒ္ဒရာတို့နှင့် သတ္တ၀ါအားလုံးကို
ထိုဖန်ဆင်းရှင်က ဖန်ဆင်း၏ဟု မှားယွင်းစွာ ယူဆတတ်ကြသည် ။ ယင်းသို့ယူဆသောဝါဒကို
ဖန်ဆင်းရှင်( ဣဿရနိမ္မာန)၀ါဒ ဟု ခေါ်ပါသည် ။
(၂) လောက၌ ကုသိုလ်ကံ အကုလ်ကံဟူ၍မရှိ ။ ကောင်းမှုကိုပြုသော်လည်း ကောင်းမှုကုသိုလ်မမည် ။
မကောင်းမှုကိုပြုသော်လည်း မကောင်းမှုအကုသိုလ်မမည်ဟု ယူဆတတ်ကြသည် ။ ယင်းသို့ယူဆခြင်း
သည် အကြောင်းကံကို ပယ်ခြင်းဖြစ်၍ ( အကရိယဒိဋ္ဌိ )ဟု ခေါ်ပါသည် ။
(၃) တဖန် ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးတရားဟူ၍ မရှိ ။ ကုသိုလ်ကံ အကုသိုလ်ကံတို့ကို
ပြုလုပ်သော်လည်း မည့်သည့်ကောင်းကျိုး မကောင်းကျိုးကိုမျှ မခံစားရဟု ယူဆတတ်ကြသည် ။ ယင်းသို့
ယူဆခြင်းသည် အကျိုး(၀ိပါက)ကို ပယ်ခြင်းဖြစ်၍ ( နတ္ထိကဒိဋ္ဌိ ) ဟု ခေါ်ပါသည် ။
(၄) ထို့ပြင် ကုသိုလ်ကံ အကုသိုလ်ကံဟူ၍ မရှိ ။ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဟူ၍ လည်းမရှိ
ဟု ယူဆတတ်ကြပြန်သည် ။ ယင်းသို့ယူဆခြင်းသည် အကြောင်း အကျိုးနှစ်မျိုးစလုံးကို ပယ်ခြင်းဖြစ်၍
( အဟေတုကဒိဋ္ဌိ )ဟု ခေါ်ပါသည် ။ ဤသို့ စသည်ဖြင့် အယူမှား (မိစ္ဆာဒိဋ္ဌိ) တမျိုးမျိုးကို လက်ခံယုံကြည်
လိုက်လျှင် ထိုသူ၏ မူလက ရှိနေသော အယူမှန်ဝါဒ (သမ္မာဒိဋ္ဌိ)ပျက်စီးလေတော့သည် ။
“ အခြားယုံကြည်ရမည့် အချက်များ ”
ထို့ပြင် ဗုဒ္ဓဘာသာဝင် တယောက်သည် ကုသိုလ်ကံ အကုသိုလ်ကံနှင့် ယင်းကံတို့၏ ကောင်းကျိုး
ဆိုးကျိုးကိုလည်းကောင်း ၊ ပစ္စုပန်လောကနှင့် တမလွန်လောကကိုလည်းကောင်း ၊ ယုံကြည် ရဦး
မည်ဖြစ်သည် ။ ယင်းတို့ကို မယုံကြည်ဘဲ “ ဤဘ၀နှင့် ဤဘ၀ ပြုပြုသမျှ ကုသိုလ်အကုလ်များသည်
သေလျှင် ပြတ်၏ ၊ နောက်ဘ၀အတွက် အကျိုးဆက်မရှိ ”ဟု လက်ခံယုံကြည်မှုကို “ ကင်းပြတ်ဝါဒ ” (ဥစ္ဆေဒဒိဋ္ဌိ)ဟု
ခေါ်ပါသည် ။ အယူမှား (မိစ္ဆာဒိဋ္ဌိ) တမျိုးပင်ဖြစ်သည် ။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တဦးအနေဖြင့် ကုသိုလ်ကံ အကုသိုလ်ကံနှင့်
ယင်းကံတို့၏ အကျိုး ၊ ဤလောကနှင့် တမလွန်လောကကို ယုံကြည်ရမည်ဟု ဆိုလိုခြင်းဖြစ်သည် ။ ။
“ သမ္မာဒိဋ္ဌိ(အမြင်မှန်) ၁၀ ချက် ”
ထို့ပြင် ဗုဒ္ဓဘာသာဝင် တယောက်သည် အမြင်မှန်ဆယ်ချက် (ဒသ၀တ္ထုက သမ္မာဒိဋ္ဌိ) ကိုလည်း လက်ခံ
ယုံကြည်ရပေဦးမည် ။ အမြင်မှန်ဆယ်ချက်သည် အောက်ပါအတိုင်းဖြစ်၏--
(၁) အလှူဒါနပြုလျှင် ကောင်းကျိုးကို ခံစားရ၏ဟု ယုံကြည်ခြင်း ။
(၂) ပူဇော်မှု၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း ။
(၃) လက်ဆောင် ပေးကမ်း ပူဇော်မှု (ပဟေဏက သက္ကာရ)၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း ။
(၄) ကုသိုလ်ကံ အကုသိုလ်ကံတို့၏ ကောင်းကျိုး,ဆိုးကျိုး,
အကျိုးရင်း အကျိုးဆက်ရှိကြောင်း ယုံကြည်ခြင်း ။
(၅) မိခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့် ပြစ်မှားခြင်း၏ ဆိုးကျိုးရှိကြောင်း ယုံကြည်ခြင်း ။
(၆) ဖခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့် ပြစ်မှားခြင်း၏ ဆိုးကျိုးရှိကြောင်း ယုံကြည်ခြင်း ။
(၇) လူတို့ မမြင်နိုင်သည့် ငရဲ, ပြိတ္တာ, နတ,် သိကြား, ဗြဟ္မာဟူသော (သြပပါတိက) သတ္တ၀ါတို့ရှိကြောင်း ယုံကြည်ခြင်း ။
(၈) ဤမျက်မှောက်လောကရှိကြောင်း ယုံကြည်ခြင်း ။
(၉) သေပြီးနောက် နောက်ဘ၀ တမလွန်လောကရှိကြောင်း ယုံကြည်ခြင်း ။
(၁၀) ဤလောက၌ ငြိမ်သက်ကောင်းမွန်စွာ ကျင့်ကြံအားထုတ်ကြသော သမဏ ဗြဟ္မဏတို့ ရှိကြကြောင်း ၊
ယင်းတို့က ဤလောက တမလွန်လောကကို ကိုယ်တိုင်သိမြင်၍ လူအများကို ပြန်လည် ဟောပြကြကြောင်း ယုံကြည်ခြင်း ။
ဤအချက်(၁၀)ချက်တို့ကို ယုံကြည်ခြင်းသည် မှန်ကန်သော ယုံကြည်ချက်ပင်ဖြစ်သည် သို့ဖြစ်၍......
ဗုဒ္ဓဘာသာဝင် တယောက်သည် ဖေါ်ပြပါ ရတနာသုံးတန် ကံ-ကံ၏ အကျိုးစသော အချက်တို့ကို သံသယကင်းစွာ
ယုံကြည်ကြရမည် ဖြစ်ပါသည် ။ ။
“ မေတ္တာပို့နှင့် ဆုတောင်း ”
(၁) ဥဒ္ဓံ ယာဝဘ၀ဂ္ဂါစ အဓေါ ယာဝအ၀ီစိတော ၊ သမန္တာ စက္က၀ါဠေသု ယေသတ္တာ ပထ၀ီစရာ ။
(၂) ဥဒ္ဓံ ယာဝဘ၀ဂ္ဂါစ အဓေါ ယာဝအ၀ီစိတော ၊ သမန္တာ စက္က၀ါဠေသု ယေသတ္တာ ဥဒကေစရာ ။
(၃) ဥဒ္ဓံ ယာဝဘ၀ဂ္ဂါစ အဓေါ ယာဝအ၀ီစိတော ၊ သမန္တာ စက္က၀ါဠေသု ယေသတ္တာ အာကာသေစရာ ။
ဥဒ္ဓံ = အထက်သို့ ၊
ယာဝဘ၀ဂ္ဂါစ = ဘ၀ဂ်တိုင်အောင် ၊
အဓေါ = အောက်မှ ၊
ယာဝအ၀ီစိတော = အ၀ီစိတိုင်အောင် ၊
သမန္တာ = ထက်ဝန်းကျင်၌ နေကုန်သော ၊
စက္က၀ါဠေသု = တသောင်းသော စကြာဝဠာတိုက်၌ ၊
ဝသန္တာ = နေကြကုန်သော ၊
ယေသတ္တာ = အကြင်သတ္တာဝါတို့သည် ၊
ပထ၀ီစရာ = မြေ၌ကျက်စားကုန်၏ ၊
တေသတ္တာ = ထိုသတ္တာဝါတို့သည် ၊
အ ဗျာပဇ္ဇာ = ကြောင့်ကြခြင်း မရှိကြကုန် ၊
ဟောန္တု= ဖြစ်ကြပါစေကုန်သတည်း ၊
နိဝေရာစ = ရန်မရှိကြကုန်သည်လည်း ၊
ဟောန္တု= ဖြစ်ကြပါစေကုန်သတည်း ၊
နိဒုက္ခာစ = ဆင်းရဲခြင်း မရှိကြကုန်သည်လည်း ၊
ဟောန္တု= ဖြစ်ကြပါစေကုန်သတည်း ၊
အနုပဒ္ဒ၀ါ = ဘေးဥပဒ် မရှိကြကုန်သည်လည်း ၊
ဟောန္တု= ဖြစ်ကြပါစေကုန်သတည်း ၊
(၂) ( --- ) ဥဒကေစရာ = ရေ၌ကျက်စားကုန်၏ ၊ ( --- ) ။ ။
(၃) ( --- ) အာကာသေစရာ = ကောင်းကင်၌ ကျက်းစားကြကုန်၏ ၊ ( --- ) ။ ။
(၄) ယံ ပတ္တံ ကုသလံ တဿ အာနုဘာဝေန ပါဏိနော ၊ သဗ္ဗေ သဒ္ဓမ္မရာဇဿ ဉတွာ ဓမ္မံ သုခါဝဟံ ။
ယံ ကုသလံ = အကြင်ကုသိုလ်ကို ၊
ပတ္တံ = ရပြီး ၊
တဿ = ထိုကုသိုလ်၏ ၊
အာနုဘာဝေန = အာနုဘောင်တော်အားဖြင့် ၊
သဗ္ဗေ = ခပ်သိမ်းကုန်သော ၊
ပါဏိနော = သတ္တ၀ါတို့သည် ၊
သဒ္ဓမ္မရာဇဿ = တရားမင်း ဖြစ်တော်မူသော မြတ်စွာဘုရား၏ ၊
သုခါဝဟံ = နိဗ္ဗာန် ချမ်းသာသို့ ပို့ဆောင်တတ်သော ၊
ဓမ္မံ = တရားတော်ကို ၊
ဉတွာ = သိမြင်ကုန်သည်ဖြစ်၍ ။ ။
(၅) ပါပုဏန္တု ၀ိသုဒ္ဓါယ သုခါယ ပဋိပတ္တိယာ ၊ အသောက မနုပါယာသ နိဗ္ဗာန သုခ မုတ္တမံ ။
ဝိသုဒ္ဓါယ= စင်ကြယ်သော ၊
သုခါယ= ချမ်းသာသော ၊
ပဋိပတ္တိယာ= ပရိတ်မေတ္တာ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းသော အကျင့်မြတ်ဖြင့် ၊
အသောကံ= စိုးရိမ်ခြင်း အလျဉ်းမရှိထသော ၊
အနုပါယာသံ= ခပ်သိမ်းသော အပြစ်တို့မှ ကင်းဝေးစွာထသော ၊
သုခံ= ချမ်းသာသော ၊
ဥတ္တမံ= မြတ်လှစွာသော ၊
နိဗ္ဗာနံ= နိဗ္ဗာန်ရွှေပြည် မြတ်ဋ္ဌာနီသို့ ၊
ပါပုဏန္တု= ရောက်ကြပါစေကုန်သတည်း ။ ။
(၆) စိရံ တိဋ္ဌတု သဒ္ဓမော ဓမ္မေ ဟောန္တု သဂါရ၀ါ ၊ သဗ္ဗေပိ သတ္တာ ကာလေန သမ္မာ ဒေဝေါ ပ၀ဿတု ။
သဒ္ဓမော= သုတ္တန်တပိဋကတ် ၊ ၀ိနိယပိဋကတ် ၊ အဘိဓမ္မာပိဋကတ်ဟူသော ပရိယတ္တိ သဒ္ဓမသည် ။
စိရံ= ကြာမြင့်စွာ ၊
တိဋ္ဌတု= တည်တံ့၍ နေပါစေကုန်သတည်း ၊
သဗ္ဗေပိ= အလုံးစုံလည်းဖြစ်ကုန်သော ၊
သတ္တာ= သတ္တ၀ါ အပေါင်းတို့သည် ၊
ဓမ္မေ= တရားတော်၌ ၊
သဂါရ၀ါ= ရိုသေလေးမြတ်ခြင်း ရှိကုန်သည် ၊
ဟောန္တု= ဖြစ်ကြပါစေကုန်သတည်း ၊
ကာလေန= ရွာသင့်သော အချိန် အခါ၌ ၊
ဒေဝေါ= မိုးသည် ၊
သမ္မာ= ကောင်းမွန် မှန်ကန်စွာ ၊
ပ၀ဿတု= မြို့ပြပြည်ရွာ ၀ပြောသာအောင် ရွာပါစေသတည်း ၊
(၇) ယထာ ရက္ခိံ သုပေါရာဏာ သုရာဇာနော တထေ၀ိမံ ၊ ရာဇာ ရက္ခတု ဓမ္မေန အတ္တနောဝ ပဇံ ပဇံ ။
သုပေါရာဏာ = ရှေး၌ဖြစ်ကုန်သော ၊
သုရာဇာနော = မင်းကောင်းမင်းမြတ်တို့သည် ၊
ပဇံ= တိုင်းသူပြည်သား ရှင် လူအပေါင်းကို ၊
ရက္ခိံသုယထာ = စောင့်ရှောက်ကြကုန်ဘိသကဲ့သို့ ၊
တထေ၀ = ထို့အတူသာလျှင် ၊
ရာဇာ = ပြည့်ရှင်မင်းကြီးသည် ၊
ဣဒံပဇံ = ယခုထင်ရှား တိုင်းသားပြည်သူ လူအများကို ၊
အတ္တနော ဣ၀ = မိမိ၏ ရင်ဝယ်ဖြစ်ငြား မွေးသည့်သားကဲ့သို့ ၊
ဓမ္မေန = မင်းကျင့်ဆယ်တန် တရားမှန်ဖြင့် ၊
ရက္ခတု = စောင့်ရှောက်ပါစေကုန်သတည်း ။ ။
Saturday, January 8, 2011
ခေတ်ကာလကလေးငယ်များ ကာမေသု အကြောင်း သိကောင်းစရာ
ခေတ်ကာလကလေးငယ်များအတွက် ကာမေသု အကြောင်း သိကောင်းစရာ
ကာမေသု မိစ္ဆာစာရကံကို အမျိုးသားများသာမက အမျိုသမီးများပါ ထိုက်သည်ဆိုပါ လျှင် မည်သည့်အမှုမျိုးမှာ အမျိုးသမီးများ ကံထိုက်ပါသနည်း။ အိမ်ထောင် မရှိသူများ လွတ် လပ်စွာနေကြလျှင် ကံထိုက်မထိုက် ဖြေကြားပေးပါဘုရား။ကာမေသူတိ မေထုနသမာစာရေသု။
ကာမေသူတိ - ကာမေသု ဟူသည်ကား၊ မေထုနသမာစာရေသု - မေထုန်အကျင့်တို့၌။
မိစ္ဆာစာရောတိ ဧကန္တနိန္ဒိတော လာမကာစာရော။ [ ပဋိသံ၊ ဋ္ဌ၊ ၁၊ ၂၀၄]
မိစ္ဆာစာရောတိ - မိစ္ဆာစာရဟူသည်ကား၊ ဧကန္တနိန္ဒိတော - စင်စစ်ကဲ့ရဲ့ထိုက်သော၊ လာမကာစာရော- ယုတ်မာသောအကျင့်တည်း။
အထက်ပါဖွင့်ဆိုချက်အရ ကာမေသု မိစ္ဆာစာရ - ဟူသောပုဒ်တွင် ကာမေသု အရ မေထုန်မှု့၊ မိစ္ဆာစာရ အရ စင်စစ်ဧကန် အမှန်ပင် ကဲ့ရဲ့ထိုင်သော ယုတ်ယုတ်မာမာပြုကျင့်မှု့- ကို ယူရပါမည်။
မှန်ပါသည်။ လောကတွင် ကိုယ့်လင် ကိုယ့်မယား၊ စည်းစိမ်ခံစားဘက် အချင်းချင်း သွားလာ ဆက်ဆံခြင်း ကို ပုထုဇဉ်တို့ အမြင်ဖြင့် အမှန်ပင်ကဲ့ရဲ့ထိုက်သော အမှု့ဟု မဆိုသာ၊ တိရိစ္ဆာန်တို့ကဲ့သို့ အမိ, နှမ စသည် မခွဲ လွန်ကဲစွာသာ တွေ့သမျှမိန်းမ လာသမျှ ယောက်ျား ကြုံသလိုသွားလာ ပျော်ပါးလျှင်ကား ပညာရှိတို့အမြင်တွင် စင်စစ်ကဲ့ရဲ့ထိုက်သော ယုတ်မာသော အမှု့ဖြစ်၏။
ထို့ကြောင့် ကာမေသု မိစ္ဆာစာရ- အရ ကိုယ့်လင် ကိုယ့်မယားမှ တစ်ပါး အခြားယောက်ျား အခြားမိန်းမ တို့နှင့် ဆက်ဆံပျော်ပါးခြင်းကို ကောက်ယူရ၏။
ထိုသို့ ဆက်ဆံပျော်ပါးရာတွင် --
(၁)။ အဂမနီယ၀တ္ထု - မသွားလာထိုက်သော ၀တ္တုဖြစ် ခြင်း။
(၂)တသိံ္မ သေ၀နစိတ္တံ - ထို မသွားလာထိုက်သောဝတ္ထု (မဆက်ဆံ မပျော်ပါးသင့် သောမိန်းမ-ယောက်ျားများ) ၌ မှီဝဲလိုသော စိတ်ရှိခြင်း။
(၃)၊ သေ၀န ပယောဂေါ - မှီဝဲမှု့ လုံးလပြုခြင်း။
(၄)၊ မဂ္ဂေန မဂ္ဂပဋိပတ္တိ အဓိဝါသနံ - မဂ်အချင်းချင်းကျင့်ခြင်း (ဆက်ဆံရခြင်း)ကို သည်းခံ သာယာခြင်း၊ ဟူသော ဤလေးပါးစုံမှ ကာမေသု မိစ္ဆာစာရကံ မြောက်ပါသည်။
ကာမေသု မိစ္ဆာစာရကံနှင့် ပတ်သက်သည့် မေးခွန်း၏ အဖြေများတွင် အဂမနီယ၀တ္ထု- အရ `မိန်းမနှစ်ကျိပ်၊ ပျော်ကြောင်းသိပ်လည်း၊ မအိပ်လေရာ´ ဟူသည့်အတိုင်း အမိစောင့် ရှောက်သောမိန်းမ အဖစောင့်ရှောက်သောမိန်းမ- စသော မိန်းမ အမျိုအစား နှစ်ဆယ်ကို ထုတ်ထုတ်ပြကြရပါသည်။ ထိုမိန်းမ အမျိုးအစား နှစ်ဆယ်ကို အနှစ်ချုပ်လိုက်လျှင် ကာမပိုင် မရှိသေးသော အပျိုနှင့်၊ စေ့စပ်ကြောင်းလမ်းထားသူ အပါအ၀င် ကာမပိုင် အရှင်သခင် လင်ယောက်ျားရှိပြီးဖြစ်သော မိန်းမဟု နှစ်မျိုးသာရပါသည်။
ဤတွင် ၁။ နံပါတ် အဂမနီယ၀တ္ထု အရ ကာမပိုင် မရှိသေးသော အပျိုသည် မိမိကာမကို မိမိပိုင်သဖြင့် မည်သည့်ယောက်ျားနှင့် ဆက်ဆံသည်ဖြစ်စေ ကာမေသုမိစ္ဆာစာရ မထိုက်ဟုဆိုပါသည်။
စေ့စပ်ထားသူမှအစ မိမိကို ပိုင်ဆိုင်သူ ရှိပြီးဖြစ်သော မိန်းမအတွက်ကား ထိုကာမပိုင် ယောက်ျားမှ တစ်ပါး အခြားယောက်ျားနှင့် ဆက်ဆံလျှင် ကံထိုက်ပါသည်။
ယောက်ျားဘက်တွင်ကား မိမိပိုင် မိန်းမမှတစ်ပါး အခြားမည်သည့် မိန်းမနှင့်မဆို ကံထိုက်ပါသည်။ (အပျိုနှင့်ဆက်ဆံရာတွင် မထိုက်ဟု ထင်ကြသည်။ သတိပြုပါ။) ပြည့်တန်ဆာမနှင့် ဆက်ဆံရာတွင် ကိုယ့်ထက်အရင် ငွေပေးထားသူရှိက နောက်ယောက်ျား ကံထိုက်၏။
ပြည့်တန်းဆာမဘက်ကလည်း ငွေလက်ခံထားပြီး ထိုယောက်ျားနှင့် မပြီးပြတ်ခင် အခြားယောက်ျားကို လက်ခံလျှင် ကံထိုက်၏။
အိမ်ထောင်မရှိသူများ လွတ်လပ်စွာနေကြရာ၌ မယားအမှတ်ဖြင့် ပေါင်းသင်းဆက်ဆံ လျှင် (မိဘ သဘောတူတူ, မတူတူ) ဆန္ဒ၀ါသီနီ - ဟူသော အလိုတူ၍နေသော မယားအရာမြောက်၍ ယောက်ျား ကံ မထိုက်။ အမျိုးသမီးဘက်တွင်လည်း စေ့စပ်ထားသူ, ငွေပေးထားသူ စသော ပိုင်ဆိုင်သူ မရှိသေးလျှင် ကံမထိုက်။
ဤကာမေသု မိစ္ဆာစာရ အရာ၌ သွားလာအပ်သူ (ဆက်ဆံဘက်)က သီလ စသော ဂုဏ်နှင့် ပြည့်စုံလျှင် အပြစ်ကြီး၏။ သီလ စသော ဂုဏ်ကင်းလျှင် အပြစ်ငယ်၏။ [အဘိ၊ ဋ္ဌ၊ ၁၊ ၁၄၁၊]
သီလစသော ဂုဏ်ကင်းသူ၌လည်း အနိုင်အထက် ပြုကျင့်လျှင် အပြစ်ကြီး၏။ နှစ်ဦးသဘောတူ၍ ကျူးလွန်ရာ၌ အပြစ်ငယ်၏။
နှစ်ဦးသဘောတူ ဆက်ဆံရာ၌လည်း ကိလေသာ အားကြီး, မကြီး၊ လုံ့လ အနည်း အများ လိုက်၍ အပြစ်အကြီး အသေးကွာခြား၏။ [ ဣတိဝုတ်၊ဋ္ဌ၊ ၂၂၀]
ကာမေသု မိစ္ဆာစာရကံ၏ အကျိုးရင်း, အကျိုးဆက်တို့ကို အဋ္ဌကထာထိုထိုမှ ထုတ်နုတ်၍ သုတေသန သရုပ်ပြ အဘိဓာန်တွင် `ကာမေသုကံ ကျိုးပြစ်ဒဏ် ထိမှန် ၁၅ပါး´ ဟူသော ခေါင်းစဉ်းဖြင့် အပြစ် ၁၅-ပါး ပြပါသည်။ ထို ၁၅-ပါးမှာ -
၁။ အပါယ်လေးပါး လားရခြင်း၊
၂။ မိန်းမ,ပဏ္ဍုက်ဖြစ်ရခြင်း၊
၃။ ရန်သူနှင့်တွေ့ရခြင်း၊
၎။ လူအများမုန်းခြင်း၊
၅။ အစား အသောက်, အ၀တ် အထည်, အိပ်ရာနေရာ ရခဲခြင်း၊
၆။ ဆင်းဆင်း ရဲရဲ အိပ်ရ, နိုးရခြင်း၊
၇။ အမျက် ဒေါသကြီးခြင်း၊
၈။ လောကုတ္တရာတရား မရနိုင်ခြင်း၊
၉။ စည်းစိမ်ဥစ္စာ ပျက်ပြုန်းရခြင်း၊
၁၀။ ယုံကြည်မှု ကင်းမဲ့ခံရခြင်း၊
၁၁။ ဘေးတွေ့ရခြင်း၊
၁၂။ ယုံမှား သံသယများခြင်း၊
၁၃။ ချစ်သူတို့နှင့် ခွဲနေရခြင်း၊
၁၄။ အသက်တိုခြင်း၊
၁၅။ ဆင်းရဲကြီးစွာ တွေ့ရခြင်း၊ ဟူ၍ ဖြစ်ပါသည်။
ဤကာမေသု မိစ္ဆာစာရကံနှင့် ပတ်သက်၍ မေးခွန်းတွင် မပါဝင်သော်လည်း သိမှတ်စရာ, ဆင်ခြင်စရာတွ များလွန်းလှသဖြင့် ဆရာ အဆက်ဆက်၏ အယူအဆ အမျိုးမျိုးကိုလည်း ဆက်လက်တင်ပြချင်ပါသေးသည်။
ကာမေသု မိစ္ဆာစာရ ကံနှင့် ပတ်သက်၍ မေးစရာ စောဒကတက်စရာတွေက များလွန်း လှသဖြင့် ရှေးကပင် ဆရာအများ ဖြေကြား ရှင်းလင်းခဲ့ကြရ၏။ ထိုသို့ ဖြေကြားရှင်းလင်း ကြရာတွင် လေ့လာမိသမျှ အစုံလင်စုံးကျမ်းများကား တောင်မြို့ ဆရာတော်၏ သင်္ဂြီုလ် ဘာသာဋီကာနှင့် လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ ပရမတ္ထသံခိပ်ဋီကာတို့ ဖြစ်ကြ၏။ ယခု ထိုကျမ်းများမှ ထုပ်နှုတ်၍ အမေးအဖြေ ပုံစံဖြင့် ကူးယူဖော်ပြလိုက်ပါသည်။
မေး။ ။ အမှောင်တွင်း၌ သူ့မယားကို ကိုယ့်မယားထင်မှတ်၍ သွားလာသော ယောက်ျား, ကိုယ့်ခင်ပွန်း ထင်မှတ်၍ သည်းခံသော မိန်မတို့အား ကံထိုက် မထိုက် ဖြေကြား ပေးပါဘုရား။
အထက်ပါ အဖြစ်အပျက်တွင်
(၁) နံပါတ်အရ မသွားလာသင့်သော မိန်းမ, ယောက်ျားများလည်းဖြစ်နေ၏။
(၂) နံပါတ်အရ မှီိဝဲလိုစိတ်လည်း ရှိ၏။
(၃) နံပါတ်အရ လုံးလလည်းပြု၏။
(၄) နံပါတ်အရ မဂ်အချင်းချင်း ပူးယှဉ်ခြင်းကိုလည်း သာယာ၏။
ဤသို့ အင်္ဂါ ၄- ပါးလုံး ညီသောကြာင့် ကာမေသု မိစ္ဆာစာရ ကံထိုက် ပါသည်။
ဤနေရာတွင် လယ်တီပဏ္ဍိတ ဦးမောင်ကြီးက (ပါဏာတိပါတ အရာတွင် သတ္တ၀ါဖြစ် ခြင်း၊ သတ္တ၀ါဟု အမှတ်ရှိခြင်း၊ သတ်လိုခြင်း၊ သတ်ခြင်း၊ သေခြင်းဟု အင်္ဂါငါးပါးရှိသကဲ့သို့) အချို့ဆရာတို့ကား အဂမနီယ၀တ္ထု- ဟူ၍ အမှတ်ရှိပါမှ ( မသွားလာသင့်သော မိန်းမ, ယောက်ျားမှန်းသိပါမှ) ကာမေသု မိစ္ဆာစာရ ကံ ထိုက်သင့်သည်၊ မသိ၍မှားကြရာ၌ မထိုက်သင့် ဟု ယူလိုကုန်၏။
အဂမနီယ၀တ္ထုသညိတာ= မသွားလာသင့်သော ၀တ္ထုဟု အမှတ်ရှိခြင်း-ဟူ၍ အင်္ဂါတစ်ပါးတိုးကား ကာမေသု မိစ္ဆာစာရ၏ အင်္ဂါကို ငါးပါးထားလိုကြကုန်၏။ သို့ရာတွင် အဋ္ဌကထာကြီး၌ လေးပါးမျှသာ ပြဆိုပြီးရှိ၍ မလွန်ဆန် သာချေ… ဟု မှတ်ချက်ပြုထားပါသည်။
ဘာသာဋီကာ ဆရာတော်ကလည်း `ခိုးယူပေါင်းသင်းလိုသောစိတ် မပါပဲ အထင်းမှာ၍ ဖြစ်ရသောကြောင့် အပြစ်ကြီးလှမည်မထင်။ ထိုစကားမှန်၏- အချို့နေရာ၌ ကံထိုက်တိုင်း လည်း အပြစ်မကြီး၊ ကံမထိုက်သော်လည်း အဘိဓမ္မာသဘောအရ စေတနာယုတ်မာလှသဖြင့် အပြစ်ကြီးလေးသောအရာ များစွာရှိပေသည်´ ဟု မှတ်ချက်ပြုထားပါသည်။
မေး။ ။ တိရိစ္ဆာန်၊ မိန်းမလျာ၊ အရူးမတို့၌ သွားလာသော ယောက်ျားတို့အား မိစ္ဆာစာရ ဖြစ် မဖြစ် ဖြေကြားပေပါဘုရား။
ဖြေ။ ။ တိရိစ္ဆာန်မ၌ အမြဲလင်ဖြစ်သော တိရိစ္ဆာန်ထီး ရှိနေလျှင်လည်းကောင်း၊ နဂါး စသည်တို့ကဲ့သို့ ဆိုင်ရာမိဘက စောင့်ရှောက်ထားလျှင်လည်းကောင်း၊ မိစ္ဆာစာရ ဖြစ်၏။ ထိုကဲ့သို့ မရှိလျှင် မိစ္ဆာစာရ မဖြစ်။ (ဘာသာဋီကာ)
ဘူရိဒတ် နဂါးမင်းကြီးသည် သီလဆောက်တည်ကြောင်း၊ ယုန်, ဖျံ, မြေခွေး, မျောက် တို့သည်လည်း သီလဆောက်တည်ကြောင်းကို ကျမ်းဂန်တို့၌ လာရှိသောကြောင့် တိရစ္ဆာန်တို့မှာလည်း ငါးပါးရှစ်ပါးစသော သီလများလည်း ရှိသည်ပင်ဖြစ်၏။
ထို့ကြောင့်တိရိစ္ဆာန်၌သော်လည်းမသွားလာအပ်သောအဂမနီယ၀တ္ထု၌သွားလာလွန်ကျူးလျှင်ကံထိုက်၏။
(သံခိပ် ဋီကာ)
[ကာမပိုင်ရှိသော မိန်းမတို့သည် လူဇာတ်မဟုတ်သော တိရိစ္ဆာန်ထီးတို့နှင့် ကျူးလွန်ရာ ၌လည်း ကာမေသု မိစ္ဆာစာရ ဖြစ်၏။ မလ္လိကာမိဖုရားဝတ္ထုကို ထောက်ပါ။ (သံခိပ် ဋီကာ)]
`
(၄)- နံပါတ်အင်္ဂါ မဂ္ဂေန မဂ္ဂပဋိပတ္တိ- အရ မဂ်သည် ပဿာဝမဂ် (vagina)၀စ္စမဂ် (anus)မုခမဂ် (mouth) ဟူ၍ သုံးပါးရှိ၏။ ထိုမဂ်သုံးပါးလုံး၌ပင် ကျူးလွန်က ကံထိုက်၏ ဟု ဆုံးဖြတ်တော်မူကုန်၏။
ယောက်ျားချင်းချင်းသော်လည်း ၀စ္စမဂ်, မုခမဂ်တို့၌ သွားလာလွန်ကျူးလျှင် ကာမေသု မိစ္ဆာစာရ ဖြစ်၏ ဟု ဆရာကြီးတို့ အလိုရှိတော်မူကုန်၏။ ထုံးစံဓမ္မတာ ဖြစ်၍သာ မိန်းမကို ကာမေသု မိစ္ဆာစာရ ၀တ္ထု အထည်ကိုယ် ဆိုရသည်။ ယောက်ျားကိုလည်း ကာမေသုမိစ္ဆာစာရ ၀တ္ထု အထည်ကိုယ်ကြီး ဟု ဆိုသင့်၏ ဟု သဘောကျ နှစ်သက်တော်မူကုန်၏။
အရူးမကို မိဘစသည်တို့က အုပ်ထိန်းလျက် ရှိသေးလျှင် မိစ္ဆာစာရဖြစ်၏။ အအုပ် အထိန်း မရှိသူမှာ မိစ္ဆာစာရ မဖြစ်။ (ဘာသာဋီကာ)
မေး။ ။ ယောက်ျားတစ်ယောက်ကို မိန်းမတွေက ကြိုးတုပ်၍ ကျူးလွန်ကြရာ ထိုယောက်ျား ကံထိုက်မထိုက် ဖြေကြားပေးပါဘုရား။
ဖြေ။ ။ မိမိက လုံးလမပြုပဲ သူတစ်ပါးက လုံးလပြုသည်ကို သာယာလျှင် ၃-နံပါတ် အင်္ဂါဖြစ်သော ပယောဂ - မပါသောကြောင့် `ကံ မထိုက်´ဟု အပရေ ဆရာတို့ဆိုကြ၏။ ဧကေဆရာတို့ကမူ `လုံးလပယောဂ မပါသော်လည်း မှီဝဲလိုသော စိတ်ရှိလျှင် ကံမြောက် သည်´ဟု ဆုံးဖြတ်ကြ၏။ အချို့အခါဝယ် မိန်းကလေး ဘက်၌ လုံးလပယောဂမပြုပဲ ကိစ္စပြီး နိုင်သည် ဟု သုံးသပ်ကြ၏။ (ဘာသာဋီကာ)
ထိုကဲ့သို့ ပယောဂမပါပဲ ကိစ္စပြီးနိုင်လျှင် အင်္ဂါလေးပါးမရှိထိုက် ပယောဂကို ချန်ထား၍ သုံးပါးသာ ပြထိုက်၏။ အဋ္ဌကထာမှာလည်း အင်္ဂါလေးပါးပင် လာသည်မဟုတ်ပါလော ဟူငြား အံ့...
သေ၀နပယောဂ (မှီဝဲကြောင်း လုံ့လပြုမှု) ကို ယေဘုယျနည်းအားဖြင့် ရသင့်ရထိုက်၍ အဋ္ဌကထာ ဆိုတော်မူသည်။ ဧကန္တမုချ အင်္ဂါမဆိုသင့် အကယ်၍ ပယောဂရှိပါမှ မိစ္ဆာစာရကံ ထိုက်သည်ဆိုလျှင် မိန်းမတို့၌ ပယောဂဗျာပါရသည် လွန်စွာနည်းပါး၏။
ထို့ကြောင့် မာတုဂါမ တို့၌ ကာမေသုမိစ္ဆာစာရကံ မြောက်ခဲနိုင်မျှ ဖြစ်ရာ၏။ ထို့ကြောင့် ပယောဂအင်္ဂါကို များစွာ အရေးကြီးသော အချက်၌ မထားပဲ အဂမနီယ၀တ္ထု၌ မဂ်အချင်းချင်း ပူးယှဉ်၍ သာယာလျှင် ကံမြောက်၏ဟု အရေးကြီးစွာ ဆုံးဖြတ်သင့်၏။(သံခိပ်ဋီကာ)
ဤကား အဋ္ဌကထာ ဋီကာတို့ကို ကြည့်ရှုသုံးသပ်၍ ဆရာမြတ်တို့ ဖြေရှင်းဆုံးဖြတ် အပ်သော အဓိပ္ပါယ် အယူအဆတို့တည်း။ အချုပ် အဖြစ် `ကာမေသု မိစ္ဆာစာရ- ဟူသည် မေထုန် အမှုတို့၌ စင်စစ်ကဲ့ရဲ့ထိုက်သော ယုတ်ယုတ်မာမာပြုကျင့်မှုတည်း´ဟူသော အဋ္ဌကထာဖွင့် အနက်ကို မှတ်သားနိုင်လျှင် လုံလောက်ပါသည်။
မှန်ပါသည်၊ လွန်လွန်ကဲကဲ ယုတ်ယုတ်မာမာ ပြုကျင့်လျှင် မည်သူနှင့်မဆို ကာမေသု မိစ္ဆာစာရ ကံထိုက်ကြောင်း ရှေးဆရာမြတ်တို့ နှစ်သက်လက်ခံ တော်မူကြသည်။
စွယ်စုံကျော်ထင်ကျမ်းတွင် `မိစ္ဆာဖြစ်ဖွယ်၊ အိမ်ရှင်ဝယ်၊ လေးသွယ်ရှိ၏ အဘယ်နည်း´ ဟူသော ကြည့်ကန်ရှင်ကြီး၏ အမေးကို ကျီးသဲလေးထပ် ဆရာတော်က ဤသို့ဖြေတော်မူ သည်။
`အကာလေ အဒေသေ အဓမ္မေန အနင်္ဂေန သေ၀န္တဿ သဒါရေပိ မိစ္ဆာစာရော ဟောတိ´
အကာလေ- ရောဂါရောက်သော အခါ, ကိုယ်ဝန် အလွန်ရင့်၍ မပြုသင့်သော အခါ၌ လည်းကောင်း၊ အဒေသေ- မိဘဆရာ သူတကာတို့ မြင်သာသဖြင့် မသင့်သော အရပ်၌ လည်းကောင်း၊ အဓမ္မေန- ကျင့်ရိုးမဟုတ် ကျင့်သဖြင့်လည်းကောင်း၊ အနင်္ဂေန- ဆေးဝါးမှီဝဲ ရှိမြဲအင်္ဂါထက် လွန်စေသဖြင့်လည်းကောင်း၊ သေ၀န္တဿ- မှီဝဲသောသူအား၊ သဒါရေပိ- မိမိ မယား၌လည်း၊ မိစ္ဆာစာရော- မှားသောအကျင့်သည်၊ ဟောတိ- ဖြစ်၏။-ဟု ဆဂတိဒီပနီ၌ လာသည်။
မနုဝဏ္ဏနာ အမည်ရှိသော ဓမ္မသတ်၌ကား- `ခရီဝေးစွာ၊ လာသည့်အခိုက်၊ ၀မ်း၌ကိုယ် ၀န်၊ ပြင်းထန်ပူဆာ၊ ရောဂါနှိပ်စက်၊ တစ်ချက်ရူးသွပ်၊ ဤလေးရပ်သည် မစပ်ရှက်သင့် အခါတည်း´ ဟူ၍ဆိုသည်။
မဃဒေ၀၌လည်း `စွန်းတပ်ရာဂ၊ သူ့သက်မျှ၌၊ ကာမမိုက်မွှန်၊ ကျင့်ကျူးလွန်က၊ ကျွန်ဖွယ် ကျွန်လိပ်၊ ဆိုရိပ်ဓမ္မသတ်၊ လောကီဖြတ်လည်း၊ မလွတ်နောင်လာ၊ သံသရာဝယ်၊ ပါယ်ရွာလားစု၊ ပါပမှု့တည်း´ ဟု စပ်ဆိုတော်မူ၏။ (၂၃၃)
ကာမရောဂါ ကိုယ်တွင်းနာကို ဟိရိဩတ္တပ် ပညာညှပ်၍ နှိပ်ကွပ်နိုင်ပါစေ။
အရှင်ကောဝိဒ (ယော)
Friday, December 31, 2010
နိုက်ကလပ်မှ မြတ်ဗုဒ္ဓ (၁)
နိုက်ကလပ်မှ မြတ်ဗုဒ္ဓ (၁)အရှင်ဧသကအမေရိကန်နိုင်ငံ၊ လော့စ် အိမ်ဂျလိစ်မြို့ရဲ့ စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ မြန်မာအလုပ်သမားလေး
ရန်မျိုးအောင်ဟာ ဆူရှီလိပ်ရင်း ဘုရားဂုဏ်တော်တွေ တတွတ်တွတ်ရွတ်နေရှာတယ်။ သူ့ဘ၀သူ့အခက်အခဲ
သူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် ဘုရားသာ အားကိုးရာရှိ တော့တယ်လို့ သူယုံ ကြည်ထားလို့ပါ။
သူ့ရည်ရွယ်ချက်ဆိုတာ
ကြွယ်ဝချမ်းသာဖို့ သူဋ္ဌေးဖြစ်ဖို့ ဘဝ
အောင်မြင်ဖို့ ချစ်တဲ့သူနဲ့အတူလက်
တွဲပြီး သာယာတဲ့ဘ၀ခရီးလျှောက်
လှမ်းနိုင်ဖို့ ဆိုတဲ့လူငယ်တို့သဘာဝ
ရှိတတ်တဲ့ မျှော်မှန်းချက်တွေတော့
့မဟုတ်ပါဘူး၊ လူငယ်နဲ့မလိုက်ကိုယ့်
အခြေအနေနဲ့ မတတ်နိုင်တဲ့ မျှော်
မှန်းချက်တစ်ခု သူ့မှာရှိနေလို့ပါ။
သူ့မျှော်မှန်းချက်ဆိုတာ ၂၀၁၀
ခု၊ သြဂုတ်လက စတင်ခဲ့တာပါ။
သူအလုပ်လုပ်တဲ့စားသောက်ဆိုင်
ကလူသုံးရာကျော်စားနိုင်တဲ့ဆိုင်ကြီးပါ။
အာရှအစားအစာမျိုးစုံရနိုင်ပါတယ်။ ဂျပန်စာဖြစ်တဲ့ ဆူရှီဌာနမှာရန်မျိုးအောင်က ဆူရှီလိပ်ရသူပါ။
ရန်မျိုးအောင်ဟာတနေ့တော့အလုပ်ကအပြန်ရေမိုးချိုးပြီးအနားယူေ နချိန်မှာနိုက်ကလပ်သွားချင်တဲ့ စိတ်တွေ
ပေါ်လာခဲ့တယ်။ အသောက်အစား အပျော်အပါးလဲ ၀ါသနာပါသူမဟုတ်တော့လို့  သွားချင်တဲ့ စိတ်တွေမဖြစ်ခဲ့
တာလည်းကြာခဲ့ပါပြီ။ ဒီနေ့ တော့ ဘာကြောင့်လို့ရယ်မသိသွားချင်တဲ့စိတ်တွေ ပြင်းပြင်းပြပြ ဖြစ်နေတယ်လေ။
မတော်ပါဘူးဆိုပြီး တီဗွီကြည့်လိုက် ပုတီးစိတ်လိုက်နဲ့ဖြေဖျောက်ဖို့ကြိုးစား ခဲ့တယ်။မရဘူး၊ မသွားရ မနေနိုင်
လောက်အောင်ဖြစ်နေတယ်။ ကဲ ဒီလောက်တောင်ရှိရင်သွားမယ်ဆိုပြီး ဘယ်သူမှမခေါ် ဘယ်သူမှမတိုက်တွန်းပဲ
သွားချင်လှတဲ့ဆန္ဒကို ရှေ့တန်းတင်ပြီးထွက်ခဲ့တော့တယ်။
နိုက်ကလပ်ဆိုလို့  အခြားဆိုင်တော့မဟုတ်ပါဘူး။ သူအလုပ်လုပ်တဲ့ဆိုင်ပါ။ နေ့ခင်းမှာ စားသောက်ဆိုင်
လုပ်ပြီး ည ၁၀-နာရီကျော်မှ ၂-နာရီအထိ နိုက်ကလပ်အဖြစ် ဖန်တီးပြင်ဆင်လိုက်တာပါ။
ဆိုင်ထဲရောက်သွားရင်ပဲ “ဘုရား-- ဘုရား--”လို့ရေရွတ်တမ်းတမိပြီး တအံ့တသြ ငေးမောကြည့်နေမိတယ်။
တဘက်နံရံမှာရှိနေတဲ့ (၁၀)ပေခန့်ရှိတဲ့ ဘုရားဆင်းတုတော်ကြီးကို သူအလုပ်လုပ်တိုင်းမြင်နေကျပါ။ဆိုင်မှာ
အလှအပအဖြစ်ထားတယ်လို့ပဲ သူနားလည်ထားခဲ့ပါတယ်။ ဒီမြင်ကွင်းမျိုးမြင်ရလိမ့်မယ်လို့ သူမမျှော်လင့်ခဲ့ဘူး။
ခုတော့ ဘုရားခမျာ ဗယုတ်သုတ်ခနဲ့  လှုပ်လှုပ်ရွရွ မြူးတူးပျော်ပါးနေတဲ့ ကာမမှောင်တောထဲမှာ သီတင်းသုံး
တော်မူနေရရှာတယ်။
လူငယ် လူရွယ် (၁၀၀)ခန့်တို့က ရုပ်ပွားတော်
ကြီးဝန်းကျင်မှာ ဖိုမအစုံစုံ ယစ်မူးအဟုန်ဖြင့် အစွမ်း
ကုန် မြူးတွန့်နေကြတယ်။ ဘုရားရဲ့ရှေ့တည့်တည့်
(၁၀)ပေခန့်အကွာမှ ခုံပေါ်မှာတော့ လက်တစ်ဝါးခန့်
အ၀တ်လေးများဖုံးအုပ်ထားတဲ့ ညဥ့်ငှက်မလေးများက
သူတို့ ကိုယ်အလှ သူ့တိုအကတွေနဲ့  ကာမမှောင်ကို
မှောင်သည်ထက်မှောင်အောင် ဆွဲဆောင်နေပြန်တယ်။
ဘုရားနောက်ကြောနံရံမှ ထွက်လာတဲ့မှိတ်ချီဖွင့်ချီရောင်
စုံမီးဆလိုက်များက ဘုရားဦးခေါင်းတော်ဘေးဝန်းကျင်
ကိုဖြတ်ကျော်ပြီး ညဥ့်ငှက်မလေးများရဲ့ကိုယ်အလှကို
မြင်သာအောင်ထိုးပြနေပြန်တယ်လေ။ဘုရားက ရောင်ခြည်တော်ဖြင့်ထိုးပြနေသလို စီမံထားလေသလားတော့မသိ။
ဆင်းတုကိုယ်တော်မြတ်ကြီးက“ငါဘုရား အဇပါလညောင်ပင်အောက် သီတင်းသုံးစဉ်က မာရ်နတ်ရဲ့သ္မီးများ
ဖြစ်တဲ့ တဏှာ၊ရတီ၊ရာဂါ တို့ညီမသုံးယောက်က ငါဘုရားကို လာဖြားယောင်းဖူးတာ တစ်ခါပဲရှိခဲ့ဖူးတယ်။ ဒီအဖြူမ
လေးတွေက ညတိုင်းလာဖြားယောင်းနေပါလား ”လို့ တွေးထင်တော်မူလေမလားမသိ။ ရန်မျိုးအောင်တော့
ဘုရားကြီးအတွက် စိတ်မသက်မသာဖြစ်ခဲ့ရပြီ။
ရန်မျိုးအောင်ဟာ မောင်မယ်အစုံများကို တိုးဝှေ့ပြီး ဘုရားအနီးချဉ်းကပ်သွားခဲ့တယ်။ အလား--လား-- ပိုဆိုး
ပါလား။ စကပ်လေးတိုနန့်နန့်နဲ့မိန်းကလေးက ဘုရားခုံပေါ်ထိုင်ပြီး ဘုရားပေါင်တော်ကို သူ့ပေါင် နဲ့ထိထိုင်ကာ
စတိုင်ကျကျနဲ့ အရက်ခွက်ကိုကိုင်လို့၊ တစ်ချို့က ဘုရားခြေတော် လက်တော်တွေပေါ်မှာ အရက်ခွက်တွေတင်
ထားပြန်တယ်။ ဒီထက်ဆိုးတာကမိန်းကလေးက ဘုရားကိုကျောမီနေပြီး သူ့တွဲဖက်ကောင်လေးက ဘုရားပေါ်
လက်ထောက်ကာ ပူးကပ်ပွတ်သပ်လို့ ရစ်မူးနေပြန်တယ်။
ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးဝန်းကျင်မှာ ဖြစ်ပျက်နေပုံများကိုကြည့်ပြီး ဒေါသတွေချောင်းချောင်း
ထွက်မိတယ်၊ဖြစ်နိုင်ရင်ဝါးရင်းဒုတ်နဲ့ အားလုံးကိုမောင်းထုတ်ပစ်လိုက်ချ င်တယ်။မပြုဝံ့ပါပေ၊“ခါကျဉ်ကောင် မာန်ကြီး
ပေမဲ့ တောင်ကြီးကိုတဲ့ဖြိုမယ့်ကြံ ခါးကမသန်”ဆိုသလို သာမန်အလုပ်သ္မားလေး ရန်မျိုးအောင်ဘာတတ်နိုင်ပါမည်နည်း။
ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးကိုကြည့်ြ
ပီး
ကြိတ်မနိုင်ခဲမရဖြစ်နေရတယ်၊လှုပ်လှုပ်ရွရွတွန့်လိမ်ပွတ်သပ်
နေတဲ့မြင်ကွင်း၊ မြူးကြွဆူညံနေတဲ့ဂီတသံ၊ ထောင်းထောင်း
မွှန်နေတဲ့အရက်နံ့၊ မျက်နှာ တော်တည့်တည့်မှာတစ်ကိုယ်
လုံးနီးပါးပေါ်နေတဲ့ကခြေသည်မလေးတွေရဲ့တုန်ကာလုပ်ကာ
မြူဆွယ်ပြနေတဲ့အက၊ဒီဝန်းကျင်မှာနေရရှာတဲ့ဘုရားရုပ်ပွား
တော်ကြီးခမျာ ဆင်းရဲရှာမှာပဲနော်လို့ သူ့အတွေး သူ့အမြင်
နဲ့ ရုပ်ပွားတော်ကြီးကို သိပ်သနားနေမိတယ်။ ဘုရားဆိုတာ
သနားစရာမဟုတ်ပေမဲ့ သူ့ရင်ထဲမှာ တော့ တကယ်သနား
နေမိတယ်။ ဘုရားနဲ့ ဒီဝန်းကျင်က လုံးဝဆန့်ကျင်နေတယ်လေ။ ဘုရားရုပ်ပွားတော်ရဲ့ မျက်နှာတော်ကိုစိုက်ကြည့်မိ
ရာက သူ့ရင်ထဲမှာ “ဒါယကာလေး ရန်မျိုးအောင်၊ ငါဘုရားကို တစ်ခြားနေရာကို ပင့်နိုင်ရင် ပင့်စမ်းပါကွာ” လို့
မိန့်တော်မူနေသလို ခံစားမိပြန်တယ်။
ဖြစ်နိုင်တယ်၊ ဒီနေ့ည ဒီနေရာကိုရောက်လာရခြင်းမှာ သာမန်ရောက်လာခြင်းမျိုးမဟုတ်၊ လာချင်တဲ့ဆန္ဒတွေ
ပြင်းပြလွန်းလို့ အရောက်လာခဲ့ရတာ။ ဘုရားစောင့်နတ်တွေကများ ဒီမြင်ကွင်းကို ခေါ်ပြလေသလား မသိ။ မည်သို့ပင်
ဖြစ်စေအခြေအနေအရပ်ရပ်ကို သူသိလိုက်ရပြီ။ အမျိုးဘာသာသာသနာအတွက်လူတိုင်းမှာ တာဝန်ရှိတယ်။ တာဝန်
ရှိသူဟာ တာဝန်ကိုသိရမယ်။ သိသည့်အတိုင်းလဲ ဆောင်ရွက်ရမယ်။ ရန်မျိုး အောင်ဟာ လူငယ်ပေမဲ့ စိတ်ထားသေး
ငယ်သူတော့မဟုတ်။ တာဝန်ရှိလာရင် ဆောင်ရွက်ရန်အဆင်သင့်၊ သာသနာအတွက်ဆိုရင် ပိုလို့ပင် ကြိုးစားချင်သူ။
ဒီကာမမှောင်အတွင်းက ဗုဒ္ဓရုပ်ပွားတော် ကြီးကို ပင့်ထုတ် ရမယ့်တာဝန်ဟာငါ့တာဝန်လို့ ဦးထိပ်မှာတင်ကာခံယူ
လိုက်တော့တယ်။ “ဘုရားရုပ်ပွား တော်ကြီးကို ငါရအောင်ပင့်မယ်”လို့ သံဒိဋ္ဌာန်ချ ဆုံးဖြတ်လိုက်တယ်။ သူရဲ့
အဓိပတိစွမ်းအားရှိတဲ့ ဆန္ဒအလင်းရောင်ဟာ ဒီဝန်းကျင် ကာမမှောင် ကိုကျော်လွန်ကာ တောက်ပခဲ့ပေပြီ။
ရန်မျိုးအောင်ဟာ နောက်နေ့မှာစောစောအလုပ်ဆင်းဖြစ်တယ်။ ဆူရှီဘားမှာ အလုပ်လုပ်ရင်း ဆိုင်ရှင်
သူဋ္ဌေးအလာကို စောင့်နေတယ်။သူဋ္ဌေးရောက်လာပြီးခဏမှာ ဘုရားအတွက်ဆန္ဒပြင်းပြနေတဲ့ ရန်မျိုးအောင်ဟာ
ရဲရဲဝံ့ဝံ့ သူဋ္ဌေးရုံးခန်းထဲသို့ဝင်ခဲ့ရာ မခေါ်ပဲနဲ့ရောက်လာတဲ့ အလုပ်သ္မားကို သူဋ္ဌေးက ခပ်စိမ်းစိမ်းမော့ကြည့်
တယ်။ “သူဋ္ဌေးကို ပြောစရာရှိလို့ပါ”။ “အေး-ပြော”။ “ဒီဆိုင်ထဲက ဗုဒ္ဓပုံတော်ကြီးကို ကျွန်တော့်ကို ရောင်းပါ၊
ဘယ်လောက်ပေးရမလဲ။ ဒါမှမဟုတ်ကျွန်တော်လုပ်ခမယူပဲ တနှစ်လုပ်ပေးပါ့မယ်”။ ရန်မျိုးအောင်ဟာ သူ့ကြံ
စည်ထားတဲ့အတိုင်း ဟောဟောဒိုင်းဒိုင်းပြောချလိုက်တယ်။ သူဋ္ဌေးက ဒီကောင် မတန်မရာ ဘာတွေလာပြောနေ
တာလဲဆိုတဲ့သဘောမျိုးနဲ့ လှောင်ပြုံးပြုံးလိုက်ပြီး ဦးခေါင်းကို ငြင်သာစွာရမ်းပြလိုက်တော့ ရန်မျိုးအောင်ခေါင်းငိုက်
ဆိုက်ဖြင့် အခန်းထဲကထွက်ခဲ့ရရှာတော့တယ်။ ပြောဆိုမာန်မဲ မလွှတ်လိုက်သည်ကိုပင် ကျေးဇူးတင်ရမလို။
ရန်မျိုးအောင်ဟာ အလျှော့မပေးစိတ်ဓါတ်မကျခဲ့၊
ဆိုင်မန်နေဂျာအမျိုးသ္မီးထံချဉ်းကပ်ပြီး သူဋ္ဌေးကိုကူညီ
ပြောပေးပါရန် အသနားခံခဲ့တယ်။ မန်နေဂျာကလဲမဖြစ်
နိုင်ကြောင်း နှစ်သိမ့်စကားသာပြောတယ်။ရင်းနှီးနေလို့ 
မန်နေဂျာကိုတော့ အခွင့်သင့်တိုင်း အကူအညီတောင်း
ဖြစ်တယ်။ ဘာမှတော့ အကြောင်းမထူးခဲ့။တနေ့တော့
မန်နေဂျာကိုပြောမိတယ် “ ဒီဗုဒ္ဓရုပ်ပုံတော်က ငါတို့
့ဗုဒ္ဓဘာသာတွေအတွက် အထွတ်အမြတ်ကိုးကွယ်တဲ့ဗုဒ္ဓ၊
နင်တို့ ကိုးကွယ်တဲ့ ဘုရားကို အခုလိုမရိုမသေ မဖွယ်
မရာတွေ ပြုလုပ်နေတာကို တွေ့ရင် နင်တို့ကြိုက်ပါ့
မလား။ ငါတို့ဗုဒ္ဓကို ဒီလိုပြုလုပ်နေတာကိုမြင်ရတော့ ငါသိပ်စိတ်ဆင်းရဲရတယ်။” လို့ မအောင့်ပဲ ခံစားမိတဲ့
အတိုင်းပြောချလိုက်မိတယ်။ သူတို့အားလုံးက ဗုဒ္ဓဘာသာ မဟုတ်ကြဘူးလေ။ ရန်မျိုးအောင် စကားကြောင့်
မန်နေဂျာ ငိုင်ပြီး တွေဝေသွားတယ်။ သူပြောတာ အမှန်တရားပဲလို့ ယူဆသွားပုံရတယ်။ အသိတရားရှိသူတိုင်း
အမှန်တရားကို လက္ခံကြမည်သာ…။
ပြောချင်တာတွေ ပြောလိုက်ရလို့ ရန်မျိုးအောင်ရင်ထဲမှာ အနည်းငယ်ပေါ့သွားတယ်။ သူဋ္ဌေးကိုလဲပြောပြလိမ့်
မယ်လို့ မျှော်လင့်မိရင်း ကျေနပ်နေမိတယ်။
ရန်မျိုးအောင်မှာ သူဋ္ဌေးက မခန့်ပါပဲ အလုပ်တစ်ခုတိုးခဲ့ပြီ်၊ အလုပ်ကိုစောစောလာပြီး ညကမြူတူးပျော်ပါး
သောက်စားကြရင်း ဗုဒ္ဓရုပ်ပွားတော်ကြီးပေါ်မှာ တင်ထားခဲ့တဲ့အရက်ခွက်တွေ၊ ပေကျန်နေတဲ့အရက်စက်တွေ၊
ဘုရားဝန်းကျင်မှာ စွန့်ပစ်သွားကြတဲ့အရက်ခွက်တွေကို သုတ်သင်ရှင်းလင်းတယ်။ ပြီးရင် သရဏဂုံသုံးပါးနဲ
ဘုရားဂုဏ်တော်ကိုးပါးကို အခေါက်ခေါက်အခါခါရွတ်ဆိုပြီး ပူဇော်ကန်တော့တယ်၊ ဘုရားကြီးကိုပင့်နိုင်ရပါလို
၏လို့ လည်းအကြိမ်ကြိမ်ဆုတောင်းမိတယ်။ ဒါသည်ပင် သူ့ရဲ့နေ့စဉ်အလုပ်၊ နေ့စဉ်ကုသိုလ် တစ်ခုဖြစ်ခဲ့လေပြီ…။
ဒီလိုနဲ့ ရက်တွေ လတွေပြောင်းခဲ့ပေမဲ့ ရန်မျိုးအောင်မျှော်လင့်ချက်ကတော့ ဘာမှအကောင် အထည်
ပေါ်မလာသေး။ “ဆန္ဒ၀တော ကိံနာမကိစ္စံ န သိဇ္ဈတိ” (ပြင်းထန်သောဆန္ဒရှိသူသည် ဘယ်ကိစ္စမဆို မပြီးသည်
မည်သည်မရှိ)ဆိုသည့်အတိုင်း ဘုရားပင့်လိုတဲ့ဆန္ဒက ပိုလို့ ပိုလို့ ပင် တိုးလာမိတယ်။ ဒုတိယအကြိမ် သူဋ္ဌေးရုံးခန်း
ထဲသို့ ၀င်ခဲ့မိပြန်တယ်။
“သူဋ္ဌေးကို ဒေါ်လာ ခြောက်ထောင်လဲပေးပါ့မယ်၊ ခြောက်လလဲ လုပ်အားခမယူပဲ အလုပ်လုပ်ပေးပါ့မယ်၊
ကျေးဇူးပြုပြီး ဗုဒ္ဓပုံတော်ကြီး ကျွန်တော့်ကို ရောင်းပေးပါ”၊ ရန်မျိုးအောင်က ဒီတခါတော့ ပုံစံတစ်မျိုးပြင်ပြီးတောင်း
ဆိုလိုက်တယ်။ သူဋ္ဌေးရဲ့မျက်နှာဟာ ပထမအခါလိုမဟုတ်တော့လို့ ရန်မျိုးအောင်အားတက်မိ တယ်။မန်နေဂျာက
လဲ ပြောထားလိမ့်မယ်လို့ သူထင်မြင်မိတယ်။ “မင်း ဒီလောက်တောင်လိုချင်နေရင် ဒီနေရာမှာ အစားထားဖို့
နဂါးကြီးတစ်ကောင်ရှာပေးပါ”။ ရန်မျိုးအောင် သိပ်ပျော်သွားတယ်၊ “ဟုတ်ကဲ့၊ ကျွန်တော် ရှာပေးပါ့မယ်”လို့
ဝမ်းမြောက်ဝမ်းသာ ကတိပေးလိုက်တယ်။ အလုပ်အားရက်တိုင်း ရန်မျိုးအောင် နဂါးရှာပုံတော်ဖွင့်လေပြီ။
သူငယ်ချင်း ကိုမိုးဝင်းတို့ဇနီးမောင်နှံကလည်းကူညီရှာပေးတယ်။ လော့စ် အိမ်ဂျ လိစ်မှာရှိတဲ့ ဆိုင်ပေါင်းစုံကို
အနှံ့ရောက်ခဲ့ပြီ။ အသိမိတ်ဆွေများကိုလည်း ဖုံးဆက်စုံစမ်းတယ်။ စာရေးသူထံ ကိုလည်းဖုံးဆက်ခဲ့တယ်
“ဆရာတော် နဂါးရုပ်ကြီးကြီး ဘယ်မှာရနိုင်မလဲဘုရား။” “တရုပ်ဆိုင်တွေမှာ ရှိမှာပေါ့ကွာ”လို့ လွယ်လွယ်ပဲ
ဖြေလိုက်တယ်။ အကျိုးအကြောင်းလည်း မမေးလိုက်မိပါ။
နဂါးရှာရင်း ငွေခြောက်ထောင်အတွက်လည်းရှာရသေး၊ တကယ်တော့သူ့မှာမရှိ၊ သိမ်းထားတာလေးတွေ
တွက်ချက်ကြည့်လိုက်တော့ သုံးထောင်သာရှိပြီး သုံးထောင်လိုသေးတယ်။ ဘုရားပင့်ဖို့ သယ်ယူ စရိတ်ကလည်း
တစ်ထောင်လောက်ကုန်လိမ့်မယ်။ လေးထောင်ပင်လိုသေး၊ ဘယ်လိုလုပ်ရပါ့။ ခေါင်းကုတ်လို့ကြံသော်လည်းအကြံ
က မထွက်။ ချေးးဖို့ငှါးဖို့ဆိုတာလဲမလွယ်ကူလှ။ ရှိတဲ့ပစ္စည်းကြည့်ပြန်တော့လဲ ဆွဲကြိုးတစ်ကုံးနဲ့ မော်တော်ကားသာ
ရှိရဲ့ ။ ကားကလဲ အလုပ်သွားဖို့အတွက် မရှိမဖြစ်ပြန်။ ကြံရာမရနိုင်ခဲ့၊ မိမိငှါးရမ်းနေတဲ့ ၁၀-ပေ ၁၅-ပေအခန်းလေး
ထဲမှာ ငွေလေးများ တွေ့လိုတွေ့ငြား လှန်လှောမွှေနှောက် ရှာမိပြန်တယ်။ ဗလာနတ္ထိ ဘာတစ်ခုမှ မရှိပါပေ။
ရန်မျိုးအောင် ဇွဲမလျှော့ ဆန္ဒမပျက်၊ ဘုရားအတွက် ဘ၀ကိုပင်
ပေးဆပ်ချင်ပေးဆပ်ရပါစေ၊ ငါဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပြီး
ဖြစ်ရာ ကားကိုရောင်းမယ်၊ အိမ်နဲ့ အလုပ်က လေးမိုင်ပဲဝေးတာ၊ လမ်း
လျှောက်သွားမယ်။ ဘုရားအတွက်ပဲ ဒီလောက်တော့ ဒုက္ခခံရမှာပေါ့။
ရန်မျိုးအောင် ကိုယ့်ဆုံးဖြတ်ချက်ကိုယ် သိပ်ကျေနပ်မိတယ်၊ ပီတိဖြစ်
မိတယ်။ ခက်ခက်ခဲခဲ အိပ်သွန်ဖာမှောက် ဒါနမြောက်အောင် လှူဒါန်း
တဲ့ စေတနာဟာ အလွန်အကျိုးကြီးတယ်လို့ မြန်မာပြည်မှာကထဲက
ကြားခဲ့ဖူး နာခဲ့ဖူးတယ်။ ဒါပေမဲ့ အကျိုးကိုသူမမျှော်၊ကာမမှောင်အတွင်း
က ဘုရားရုပ်ပွားတော်ကြီး ပင့်ထုတ်နိုင်ဘို့သာ အဓိကမျှော်မှန်းချက်။
အလုပ်အားရက်မှာ နဂါးရှာထွက်ရင်း ကားအဟောင်းရောင်းဝယ်
တဲ့ ဆိုင်တွေကို သူ့ကားဈေးနှုန်းစုံစမ်းတယ်။ ရွှေဆိုင်မှာ သူ့အမေပေး
ထားတဲ့ အမြတ်တနိုး ဆွဲကြိုးကိုလဲ ဈေးစုံစမ်းလိုက်တယ်၊ နှစ်ခုပေါင်း
လိုက်တော့ လေးထောင်ကျော်လောက်ရမယ်လေ။ ဟုတ်ပြီ၊ ရန်မျိုးအောင်သိပ်ပျော်သွားပြီ၊ ဘာမှပူစရာမလိုတော့။
ဟန်ကျလိုက်ပုံက နဂါးကိုလဲ တွေ့လိုက်ပြန်သေး၊ ၇-ပေခန့်ရှိတဲ့နဂါးကြီး တောင်ပံကြီးနဲ့ လှမှလှ၊ သူဋ္ဌေးတော့ သိပ်
သဘောကျလိမ့်မည်။ ရန်မျိုးအောင်ပျော်မဆုံးတော့၊ သူငယ်ချင်းကို မိုးဝင်းကို ပုခုံးကိုလက်သီးနဲ့ထိုးပြီး“အောင်ပြီကွ”
လို့ ကြွေးကြော်မိတယ်။
နောက်ရက် အလုပ်ဆင်းတော့ ၀တ္တရားမပျက် ဘုရားကြီးကို သန့်ရှင်းပူဇော်ပြီး ဘုရားရဲ့လက်တော်ကို လက်နှစ်
ဖက်နဲ့ တင်းကျပ်စွာကိုင်ကာ “အရှင်ဘုရားကို ပင့်နိုင်တော့မည်ဘုရား”လို့ အားပါးတရလျှောက် ထားလိုက်မိတယ်။
သူဋ္ဌေးလာတော့ သူဋ္ဌေးရုံးခန်းထဲကို အောင်လံကိုင်သွားသူလို ရွှင်လန်းတက်ကြွစွာ ၀င်ခဲ့ပြန်တယ်။တတိယအကြိမ်
ဝင်ခဲ့ခြင်းပေါ့။ “ ရန်- မင်းနဂါးတွေ့ပြီလား။” “ဟုတ်ကဲ့၊ တွေ့ခဲ့ပြီ၊နဂါးကြီးက သိပ်လှတာပဲဗျာ။” “မင်း နဂါးက ဘယ်နှစ်
ပေလောက်ရှိလဲ။” “၇-ပေရှိပါတယ် ခင်ဗျာ။” “ငယ်တယ်ကွာ၊ ငါက ၁၀ ပေအထက်နဂါးပဲလိုချင်တယ်”။ရန်မျိုးအောင်
ရဲ့အောင်လံကို အချိုးခံလိုက်ရပြီ။ ခေါင်းငိုက်ဆိုက်ဖြင့်ထွက်ခဲ့ရပြန်ပြီ။ခဲလေသမျှ သဲရေကျပြီထင့်…။
ရန်မျိုးအောင်ဟာ ဆူရှီဘားမှာထိုင်ကာ ငိုင်နေမိတယ်၊ဘာလုပ်ရမလဲလို့ စဉ်းစားနေမိတယ်။ဆိုင်ပေါင်းစုံရောက်
ခဲ့ပြီးဖြစ်လို့ ၁၀-ပေလောက်ကြီးတဲ့နဂါး မရှိဘူးဆိုတာလဲ သူသိထားပြီးဖြစ်သား။ ဇာတ်လမ်းကတော့ပြီးလေပြီ.. ။
ဒါပေမဲ့ ရန်မျိုးအောင် အရှုံးမပေးချင် ဆက်လက်ကြိုးစားချင်တယ်။လမ်းစလဲမမြင်။ အဖန်ဖန်အထပ်ထပ် ရှာကြံ
စဉ်းစားဆင်ချင်မိပြန်တယ်။ ခေါင်းထဲမှာ ဉာဏ်အလင်းရောင်ပေါ်လာတယ် “ဟုတ်ပြီ - ဘုရားမှ တစ်ပါး အားကိုးရာ
မရှိဘူး၊ ဘုရားဂုဏ်တော်တွေကို ရွတ်ပွားပြီး သစ္စာဆိုမယ်”လို့  မျက်စိလယ် လမ်းပျောက်နေသူ လမ်းမှန်တွေ့သလို
အရမ်းအားတက်သွားတယ်၊ ဘုရားဂုဏ်တော်တွေ ရွတ်ဆိုရင်း ဆူရှီလိပ် လေတော့တယ်။
ဒုတိယပိုင်းကို ဆက်လက်အားပေးစေလိုပါတယ်။
အရှင်ဧသက
ဗြဟ္မ၀ိဟာရ (အဇူဇာကျောင်း)
လော့စ် အိမ်ဂျလိစ်၊ အမေရိကန်
၂၀၁၀ ခု၊ ဒီဇင်္ဘာလ ၂၇-ရက်။
Subscribe to:
Posts (Atom)










