Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, February 26, 2010

မြင့်မြတ်သူတို့ ၏စံအိမ် *

သတိလွတ်နေတဲ့စိတ်ဟာ
အိမ်စုတ်အိမ်ညံနဲ့တူတယ်။
* သတိမြဲနေတဲ့စိတ်ဟာ
အိမ်ကြီးအိမ်ကောင်းနဲ့တူတယ်။
* သတိအစောင့်အရှောက်
ကိုယ့်စိတ်မှာချထားနိုင်တဲ့အခိုက်
* အရိယာစံအိမ်မှာ
ကိုယ်ခေတ္တနေခွင့်ရနေပါတယ်။

* စိတ်ဓာတ်အရည်အသွေးနိမ့်ကျရင်
ဘ၀အဆင့်အတန်းနိမ့်ကျမယ်။
* စိတ်ဓာတ်အရည်အသွေးမြင့်မားရင်
ဘ၀အဆင့်အတန်းမြင့်မားတယ်။
* ဘ၀အဆင့်အတန်းမြင့်မားချင်ရင်
စိတ်ဓာတ်အရည်အသွေးမြင့်တင်ပေးရမယ်။
* စိတ်ဓာတ်အရည်အသွေးမြင့်မားဖို့အတွက်
သတိပဌာန်တရားကိုအားထုတ်ရမယ်။

* သက်မဲ့အာရုံတစ်ခုကိုနှစ်သက်ရင်
အဲဒီသက်မဲ့အာရုံဟာက
ကိုယ့်ရဲ့ကြွေးရှင်ပဲ။
* သက်ရှိအာရုံတစ်ဦးဦးးကိုတပ်မက်ရင်
အဲဒီသက်ရှိအာရုံဟာ
ကိုယ့်ရဲ့ကြွေးရှင်ပဲ။
* ကြွေးယူထားပြီဆိုရင်တော့
ကြွေးရှင်ကိုအောက်ကျို့ ခယရတော့မှာပါပဲ။

* မြင့်မြတ်တဲ့စံအိမ်တစ်ခုဆိုတာ
အစောင့်အရှောက်ကောင်းရမယ်။
ကြွေးမြီ ရောဂါကင်းရှင်းရမယ်။
ပတ်ဝန်းကျင်နှင့်အဆင်ပြေရမယ်။
* ရှာဖွေရုန်းကန်နေရခြင်းမရှိဘဲ
အရာရာပြီးပြည့်စုံနေရမယ်၊
သွားလမ်းလာလမ်းဖြေင့်တန်းပြီး
စိတ်အေးချမ်းကြည်မွေ့ ဖွယ်အတိပြီးနေရမယ်။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

Wednesday, January 6, 2010

စုဗူး


ထကြည့်သောအခါ
အရှေ့ အရပ်မှ ပြေးကြ လွှားကြ
အိုးမဲ့အိမ်မဲ့များ
(ပိုင်ဆိုင်မှုကား မောဟတရား... )

ထကြည့်သောအခါ
အနောက် အရပ်မှ ဟစ်ကြွေးသံများ
စီးပွါး ပျက်မှု၊ ဘဝပျက်မှု
အော်ဟစ်သံများ
(ပိုင်ဆိုင်မှုကား လောဘတရား... )

ထကြည့်သောအခါ
တောင်အရပ်မှ လေသံ မိုးသံ မုန်းတိုင်းသံများ
ရေမှာ ငုတ်လျှိုး၊ ကုန်းမှာလွင့်မျော
ဒုက္ခသည်များ
(ပိုင်ဆိုင်မှုကား အနိစ္စတရား... )

ထကြည့်သောအခါ
မြောက်အရပ်မှာ မီးခိုးမှိုင်းများ
ဝေ့ဝေ့ဝိုင်းလျှက် ကျည်သံဗုံးသံ ထစ်ချုန်းမှုနှင့်
ပွက်ပွက်ဆူသော သွေးစိမ်းရှင်များ
(ပိုင်ဆိုင်မှုကား ဒေါသတရား... )

ထကြည့်သောအခါ
အရပ်ဆယ်မျက်နှာ ဆည်းလည်းသံနှင့် အေးချမ်းမှုများ
မြေထဲရောက်ရောက် မီးထဲပျောက်ပျောက်
ကျွန်ုပ်တို့ ပိုင်ဆိုင်မှုကား ကုသိုလ်တရား... ။
--
လွယ်လွယ်နဲ့ ရနေရင် တန်ဖိုးဆိုတာ ကွယ်ပျောက်သွားတယ်။