Saturday, April 3, 2010

ဂေါတမ မြတ်စွာဘုရား၏ ပုံတော်အစစ်


"ဟင်းမွှေယောက်မသည် ဟင်း၏အရသာကို မသိနိုင်သကဲ့သို့
လူမိုက်သည်လည်း အသက်ရှည်သမျှ ပညာရှိကို ဆည်းကပ် နေထိုင်ရသော်လည်း (ပရိယတ်၊ ပဋိပတ်၊ ပဋိဝေဒ ဟူသော) တရားကို မသိနိုင်ပေ။"
ဓမ္မပဒ (၆၄) ဥဒါရိတ္ထေရ ဝတ္ထု
ဓမ္မမိတ်ဆွေအပေါင်းတို့

ယခုမြင်ရသောပုံတော်မှာ ဂေါတမ မြတ်စွာဘုရား၏ ပုံတော်အစစ် ဖြစ်ပါသည်။ ထိုပုံကို လွန်ခဲ့သော နှစ်ပေါင်းများစွာက မြတ်စွာဘုရား ပွင့်တော်မူသည့်နေရာဖြစ်သော မဟာဗောဓိ ညောင်ပင်ရင်းတွင် နိုင်ငံခြားယောဂီ တယောက် ဓါတ်ပုံရိုက်ကူးထားခြင်း ဖြစ်ပါသည်။ ဤပုံတော်မှာ ဂေါတမမြတ်စွာဘုရား၏ ပုံတော်အစစ် ဖြစ်သောကြောင့် အလွန်ထူးခြားသော ပုံတော်လည်း ဖြစ်ပါသည်။ ပုံတော်အစစ်အမှန်ဖြစ်ကြောင်း နောက်ပိုင်းတွင် ဓမ္မပရိသတ်ကြီးကို စာရေးသူ ရှင်းပြမည် ဖြစ်ပါသည်။

ပထမတွင် ဤပုံတော်၏ရာဇဝင်ကို ရှင်းပြလိုပါသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက နိုင်ငံခြားမှ ဘာသာခြား အမျိုးသမီးတဦးသည် ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်များကို လေ့လာဖတ်ရှုရာမှ ဗုဒ္ဓဘာသာ၏ အဆုံးအမများကို ယုံကြည်သက်ဝင်လာပါသည်။ ထိုမှတဆင့် လက်လှမ်းမီသမျှ ဗုဒ္ဓစာပေများကို အချိန်ရလျှင်ရချင်း လေ့လာဖတ်ရှု မှတ်သားမှုများ ပြုလုပ်ပါတော့သည်။

ထိုအခါ စာပေများကို ဖတ်ရာကို အားရတင်းတိမ်ခြင်း မရှိပဲ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော သစ္စာလေးပါး တရားတော်များကို ကျင့်ကြံပွားများ အားထုတ်ရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုဆုံးဖြတ်ချက်အရ မြတ်စွာဘုရား ပွင့်တော်မူရာဒေသဖြစ်သော ဗုဒ္ဓဂါယာသို့ ရောက်ရှိလာပါသည်။ ထိုအခါ မြတ်စွာဘုရား၏ သာသနာပြုရာ ဒေသများသို့ သွားရောက်ဖူးမျှော်ရင်း မြတ်စွာဘုရား၏ မူလပုံတော်အစစ်ကို ဖူးမြော်ချင်သည့် သဒ္ဓါတရား ဖြစ်ပေါ်လာပါသည်။

သို့ရာတွင် လောကတွင် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသွားပြီ ဖြစ်သောကြောင့် သူမ၏စိတ်အကြံသည် မဖြစ်နိုင်မှန်းလည်း သိပါသည်။ သို့ရာတွင် ဗုဒ္ဓစာပေထဲတွင် သစ္စာအဓိဌာန် ပြုပါက အလိုရှိရာ တောင့်တရာ ဖြစ်နိုင်ကြောင်းသိ၍ သစ္စာအဓိဌာန်ပြုရန် ဆုံးဖြတ်လိုက်ပါတော့သည်။ သို့ရာတွင် သာမန် သစ္စာအဓိဌာန် မဟုတ်ပါပဲ မြတ်စွာဘုရားရှင် ပွင့်တော်မူသည့် မဟာဗောဓိညောင်ပင်ရင်းတွင် အနှစ် (၂ဝ) အားထုတ်ပြီး အဓိဌာန်ပြည့်ပြီးသည့် နေ့တွင် မဟာဗောဓိပင်ကို ဓါတ်ပုံရိုက်ပြီး ရိုက်သည့်ပုံတွင် ဂေါတမ မြတ်စွာဘုရား ပုံတော်ထင်စေရန် သစ္စာပြုပါသည်။

သစ္စာပြုပြီး အဓိဌာန်ထားသည့်အတိုင်း နိုင်ငံခြားယောဂီသည် အနှစ် (၂ဝ)ပတ်လုံး ကြီးစွာသောလုံ့လဖြင့် တရားအားထုတ်ပါသည်။ တရားအားထုတ်ရာတွင်လည်း အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ကာ အားထုတ်ခဲ့ပါသည်။ အချိန်တရွေ့ရွေ့ကုန်ကာ အနှစ် (၂ဝ) တင်းတင်းပြည့်သည့်နေ့ ရောက်လာပါတော့သည်။ ထိုပြည့်သောနေ့တွင် သူ၏စိတ်တွင် မြတ်စွာဘုရားမှလွဲ၍ ဘာမှ စိတ်မရှိတော့ချေ။ စိတ်မှာလည်း အလွန်ဖြူစင်ပြီး ကြည်လင်နေပါသည်။

ဤသို့ကြည်လင်သော စိတ်ဓါတ်၊ ယုံကြည်သော သဒ္ဓါတရားတို့ဖြင့် အဓိဌာန်ပြုထားသည့် အတိုင်း မဟာဗောဓိညောင်ပင်ကို ဓါတ်ပုံရိုက်ပါသည်။ သူမ၏စိတ်တွင်လည်း မြတ်စွာဘုရား၏ပုံတော် ပေါ်မည်ဆိုတာ ယုံကြည်မှု တထစ်ချရှိပါသည်။ ထင်ထားသည့်အတိုင်းပင် ကူးသည့်ဓါတ်ပုံတွင် မြတ်စွာဘုရား၏ ပုံတော် ပေါ်လာပါတော့သည်။ ထိုပုံမှာ ယခုပူဇော်ထားသည့်ပုံပင် ဖြစ်ပါတော့သည်။ ဤပုံတော်မှာ ပုံတော်အစစ် ဖြစ်ကြောင်းကို ထောက်ခံသည့် ပုဂ္ဂိုလ်၏အကြောင်းကို နောက်ပိုင်းတွင် ထပ်၍တင်ဆက်ထားပါသည်။

ဓမ္မစာအုပ်ကဏ္ဍတွင် ဓမ္မမိတ်ဆွေများအနေဖြင့် မောင်းထောင် မြေဇင်းဆရာတော်၏ ဓမ္မရသ စာအုပ်များကို ရှေးဦးစွာ ဖတ်ထားစေလိုပါသည်။ ဆရာတော်သည် ကန္နီရွှေသိမ် ဆရာတော်ကြီး၏ တပည့်ရင်းခြာ ဖြစ်ပါသည်။ ကန္နီရွှေသိမ် ဆရာတော်၏ ထေရုပတ္တိကို ကျော်နန္ဒအောင်၏ ဝိပဿနာ အားထုတ်နည်းများ စာအုပ်တွင်၎င်း၊ ဓမ္မစရိယ ဦးဌေးလှိုင်၏ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ စာအုပ်တွင်၎င်း ဖတ်ရှုနိုင်ပါသည်။

မောင်းထောင် မြေဇင်း ဆရာတော်သည် ကန္နီရွှေသိမ် ဆရာတော်ကြီး၏ နည်းနိသယအတိုင်း သမထ ဝိပဿနာ တရားများ သင်ပြပေးခဲ့သည့်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပါသည်။ (၃၁)ဘုံခွင်ကို သမာဓိ အလင်းနိမိတ်ဖြင့် နတ်ပြည်၊ ဗြဟ္မာပြည်၊ နဂါးပြည်၊ ငရဲပြည် စသော နေရာဒေသများသို့ သွားရောက်နိုင်ရန် စနစ်တကျ သင်ကြားပေးခဲ့သည်မှာ တရားလောက၌ အထူးပင် ထင်ရှားပါသည်။ မန္တလေးတိုင်း ရန်ကင်းအေးငြိမ်း ရိပ်သာတွင်လည်း ယောဂီများကို တရားပြသပေးခဲ့ပါသည်။ ယောဂီများမှာ ဆရာတော်၏ သမာဓိ ထူထောင်နည်းဖြင့် အလင်းနိမိတ်လွှတ်ကာ ထိုနေရာများသို့ အောင်မြင်စွာ သွားရောက်ခဲ့ပါသည်။ ထိုယောဂီများ အထဲမှ ကမ္မဌာန်းပြဆရာ ဦးမြင့်နိုင်နှင့် ယောဂီဦးစောမြင့်တိုနှင့် တွေ့ဆုံခဲ့ပါသည်။ အဆိုပါ ယောဂီများမှာလည်း မောင်းထောင် မြေဇင်းဆရာတော်၏ နည်းဖြင့် ဝိပဿနာကို အောင်မြင်စွာ အားထုတ်ဖူးပါသည်။

ကမ္မဌာန်းပြဆရာ ဦးမြင့်နိုင်က ဤပုံတော်မှာ မြတ်စွာဘုရား၏ ပုံတော်ဖြစ်ကြောင်းကို စာရေးသူအား ယခုကဲ့သို့ အားရပါးရ ပြောကြားခဲ့ပါသည်။

မေး - ဆရာရေ၊ မောင်းထောင် မြေဇင်း ဝိပဿနာ အတွေ့အကြုံလေးကို ပြောပြပါဦးခင်ဗျာ။

ဖြေ - ဟုတ်ကဲ့။ အဓိကကတော့ သမာဓိထူထောင်ပြီး သမာဓိ တည်ကြည်လာတော့ စိတ်ကိုညွှတ်ပြီး အလင်းနိမိတ် လွှတ်တဲ့သဘောပါ။ သမာဓိခိုင်တော့ ဝိပဿနာကူးပါတယ်။

မေး - တာဝတိံသာနတ်ပြည်က လူ့ပြည်နဲ့ တူပါသလား ဆရာ။

ဖြေ - မဟုတ်ဘူးခင်ဗျ။ အကုန်လုံး အသက်ငယ်ငယ် အရွယ်တွေပါဘဲ။ အဝတ်အစားတွေကလည်း တောက်တောက် ပြောင်ပြောင်တွေ ဝတ်ကြပါတယ်။ အနီရောင် တောက်တောက်၊ အဝါရောင် တောက်တောက် တို့ ဝတ်ထားပါတယ်။ အကုန်လုံးကလည်း ပျော်နေကြပါတယ်။ ပွဲလမ်းသဘင်တွေလည်း များပါတယ်။ အဝတ်အစားတွေကတော့ ပုဂံခေတ်က အဝတ်အစားအတိုင်း ဝတ်ကြပါတယ်။ နတ်သားတွေ၊ နတ်သမီးတွေကတော့ တော်တော်များများ အဲဒီလို ဝတ်ကြပါတယ်။ ဘုံဗိမာန်ရှင် နတ်သား၊ နတ်သမီးတွေကတော့် ရွှေငွေ လက်ဝတ်ရတနာတွေ ဝတ်ကြပါတယ်။ ဗိမာန်ရှင်တွေကတော့ နည်းပါတယ်။ အခြွေအရံ နတ်တွေက များကြပါတယ်။ ဒါပေမယ့် သူတို့က အမြဲပျော်နေကြတယ် ခင်ဗျ။

မေး - သိကြားတို့၊ နတ်မင်းကြီး လေးပါးတို့ရော တွေ့ခဲ့သေးလား ဆရာ။

ဖြေ - ဟုတ်ကဲ့။ သိကြားမင်းကတော့ နတ်ဝတ်နတ်စားနဲ့ အထူးအနေဖြင့် အရှေ့က ထူးခြားတဲ့ သူမတူတဲ့ အဆောင်အယောင် ပါပါတယ်။ နတ်မင်းကြီးလေးပါးကတော့ တောက်တောက် အရောင်တွေ၊ အဆောင်အယောင်တွေ ဝတ်ပါတယ်။ နီ၊ ဝါ၊ စိမ်း ပြာ တရောင်စီပါ ဝတ်ကြပါတယ် ခင်ဗျာ။ ကြည့်ရင် သိသာပါတယ်။

မေး - ဆရာ ပြီးတော့ ဘယ်ရောက်ခဲ့သေးလဲ။

ဖြေ - ကျနော်ကတော့ ဘုရားရှင် အဘိဓမ္မာ ဟောကြားတဲ့ သိကြားမင်း ပဏ္ဍု ကမ္ဗလာ ကျောက်ဖြာတို့၊ သုဓမ္မာ ဇရပ်တို့၊ နန္ဒဝန် ပန်းဥယျာဉ်၊ စူဠာမဏိ စေတီတော်တို့လည်း ရောက်ပါတယ်။ နတ်ပြည်က ကောင်းကင်ကြီးကတော့ ပန်းရောင်၊ ခရမ်းရောင်ပါဘဲ။ မြေပြင်ကတော့ ကတ္တီပါ ကော်ဇောစိမ်းကြီးလိုဘဲ။

မေး - ဘုရားရှင်ရဲ့ပုံတော်ကိုလည်း ရှင်းပြပါဦး။

ဖြေ - ဟုတ်ကဲ့။ ပင်လယ်ကသစ်ပင် ခြေရင်း ပဏ္ဍု ကမ္ဗလာ ကျောက်ဖြာရှေ့ရောက်တော့ အဓိဌာန် ပြုကြည့်ပါတယ်။ ဘယ်လို အဓိဌာန်ပြုသလဲ ဆိုတော့ ဤနေရာသည် ဘုရားရှင် အဘိဓမ္မာ တရားတော် ဝါတွင်း (၃)လပတ်လုံး ဟောကြားခဲ့သည့်နေရာ မှန်ပါလျှင် ဘုရားရှင်ကို သက်ရှိထင်ရှားအတိုင်း ဖူးတွေ့လိုပါ၏လို့ အဓိဌာန်ပြုပါတယ်။ အဲဒီအခါကျတော့ ဖူးတွေ့ရပါတယ်။ ကြည်နူးဖို့ ကောင်းလိုက်တာဗျာ။ ပဏ္ဍု ကမ္ဗလာ ကျောက်ဖြာထက်မှာ ဘုရားရှင်က တင်ပလ္လင်ခွေထိုင်ပြီး တရားဟောနေပါတယ်။ အောက်မှာက သန္တုသီ နတ်သား၊ သက္က သိကြားမင်း၊ နတ်မင်းကြီး လေးပါး၊ ဗြဟ္မာမင်းတွေ ပြီးတော့ များပြားလှတဲ့ နတ်တွေ၊ ဗြဟ္မာတွေဗျာ။ အောင်ဆန်းကွင်းမှာ ဘောလုံးပွဲ ကြည့်သလိုဘဲ။ အလယ်မှာ ဘုရားရှင်က တရားဟော၊ အလယ်ကနေ အထက်ထိ နတ်ဗြဟ္မာ ပရိတ်သတ်တွေ။ အလွန်ကြည်နူးစရာ ကောင်းပါတယ်။

မေး - ဆရာရေ၊ မြတ်စွာဘုရားရဲ့ပုံတော်ကိုလည်း အသေးစိတ် ပြောပြပါဦး။

ဖြေ - အေးဗျ၊ အခုပုံတော်နဲ့တော့ တထေရာတည်းဘဲဗျာ။ လည်ပင်းတော်က ဆင်စွယ်လို ဖြူပြီး အဖုအထစ် မရှိဘူး ခင်ဗျ။ လုံးပြီးတော့ ချောနေတာဘဲ။ နားတော်ကလည်း ပခုံးထိ ရှည်တယ်။ မျက်နှာတော်ရဲ့အလယ်မှာ ဥဏ္ဏလုံ မွှေးရှင်တော်လည်း ရှိတယ်ခင်ဗျ။ လက်တော်ကလည်း သွယ်လျတယ်။ ရှည်တယ်။ ခြေဖဝါးတော်ကလည်း ညီညာတယ်။ နှာခေါင်းတော်ကလည်း စင်းတယ်။ အထူးခြားဆုံးကတော့ ရောင်ခြည်တော် ခြောက်သွယ်ပါဘဲ။ လိမ်လို့ မရဘူးခင်ဗျ။ ပုခုံးတော်ကနေ ထွက်တာဗျ။ နတ်ဗြဟ္မာတွေနဲ့ ယှဉ်ရင် ဘယ်လိုမှကို နှိုင်းယှဉ်လို့ မရအောင် ထူးခြားပြီး သွင်ပြင်လက္ခဏာ ကြည်လင်ပါပေတယ်ဗျာ။ ကြည်ညိုစရာ အရမ်းကောင်းပါတယ်ဗျာ။

မေး - ကျေးဇူးတင်ပါတယ်။ အခုလို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးတဲ့အတွက်ပါ။

ဖြေ - ဟုတ်ကဲ့။ ကျွန်တော်လည်း ဝမ်းမြောက်ပါတယ်။ ကမ္ဘာကို ပြန့်အောင် ဖြန့်ပေးပါခင်ဗျာ။ ထူးခြားပါလိမ့်မယ်။

ထိုအမေးအဖြေ လုပ်ခဲ့သော ဆရာဦးမြင့်နိုင်မှာ ယခုလက်ရှိ မန္တလေးမြို့ ၇၄လမ်းနှင့် ၃၅လမ်းကြားထောင့်တွင် နေထိုင်လျက်ရှိပြီး ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ယောဂီဦးစိုးမြင့်ကိုလည်း ဖုန်းနံပါတ် (၉၅-၂-၃၂၂၇၉)သို့ ဆက်၍ မေးမြန်းနိုင်ပါသည်။ ဆရာဦးမြင့်နိုင်မှာ ယောဂီဦးစောမြင့်အား ဝိပဿနာရှုမှတ်နည်း သင်ကြားပြသပေးခဲ့သူ ဖြစ်ပါသည်. ယခုလည်း ဝိပဿနာတရားတော်များကို သင်ကြားပြသပေးလျက် ရှိပါသည်။ ထို့အပြင် ရန်ကင်းအေးငြိမ်း ဓမ္မရိပ်သာသို့ ဖုန်းနံပါတ် (၉၅-၂-၅၇၂၅၃) သို့ဆက်၍ မေးမြန်းနိုင်ပါသည်။



"ဘယ်လောက်အားကောင်းတဲ့မုသားဖြစ်ပါစေ။ ဘယ်တော့မှအမှန်ဖြစ်မလာနိုင်ဘူး။"

အလင်းဆက်
၎.၄.၂၀၁၀

3 comments:

  1. ကျေးဇူအထူးသင်ရှိပါသည်

    ReplyDelete

  2. Johann Zahn designed the first camera in 1685. But the first photograph was clicked by Joseph Nicephore Niepce in the year 1814. It was thousands of years back that an Iraqi scientist Ibn- al- Haytham made a mention of this kind of a device in his book, Book of Optics in 1021. The earlier cameras were incapable of saving the images and were huge in size. The first practical photography was invented by Louis Daquerre in 1829 but he took almost 10 years to produce the effective method which was named after him as daquerreotype. All this was done in Niepce’s partnership. The process of obtaining a picture on a silver- coated copper sheet was mentioned in a booklet. Louis and Niepce’s son sold the rights of the process to the French government and soon there were number of daquerreotype studios working.

    Many people then worked on improving the technology. In 1841, Henry Fox Tablot invented calotype; the process of getting number of positives from a single negative. Hamilton Smith got patent for tintypes in 1856. The year 1851 witnessed the development of wet plate negatives by Frederick Scoff Archer followed by the invention of dry plate negatives in 1879. George Eastman invented the flexible film roll in 1889. The color photography at commercial level started in the year 1940. This was the beginning of comfortable photography with a handy camera.

    ReplyDelete